Friday, June 28, 2019

မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မင်းဘူးတွင်ဖွင့်လှစ်

မြန်မာနိုင်ငံရဲ့ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့အနီးမှာ ဇွန်လ ၂၇ ရက်မနက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။



စက်ရုံဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “နေရောင်ခြည်ဓာတ်အားပေး စနစ်နဲ့ ပတ်သက်လို့ အားနည်းချက်တွေရှိတယ်ဆိုပေမယ့် ဓာတ်အားပေးစနစ်တွေ အားလုံး လိုလိုမှာ သူ့အားနည်းချက်နဲ့သူ ရှိပါတယ်၊ အားသာချက်လည်းရှိပါတယ်၊ အားလုံးကိုတွက်ပြီး အကောင်းဆုံးရွေးချယ်ကာ လုပ်ရမှာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့ အမျှ ရေအားလျှပ်စစ်ဓာတ်အားစနစ်ဟာ အမြဲစိတ်ချရမှုမရှိတာကိုလည်း သတိပြုမိမှာဖြစ်တယ်၊ ဒါကြောင့် ခေတ်ပြောင်းလာတာနဲ့ အမျှ၊ ပတ်ဝန်းကျင်ပြောင်းတာနဲ့အမျှ မိမိတို့ရဲ့ နည်းပညာတွေကို ပြောင်းနိုင်တဲ့ ပြောင်းရဲတဲ့ အရည်အချင်းရှိဖို့ အလွန်အရေးကြီးတယ်”လို့ ပြောပါတယ်။

အဆိုပါစက်ရုံကို GEP (မြန်မာ) ကုမ္ပဏီက BOT စနစ်နဲ့ အကောင်အထည်ဖော်တည်ဆောက်နေတာဖြစ်ပြီး စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်ရှိကာ စီမံကိန်းကို အဆင့်လေးဆင့်နဲ့ ဆောင်ရွက်နေတာလို့ အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ ထုတ်လုပ်မှာ ဖြစ်ပြီး စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ တည်ဆောက်မှာ ဖြစ်ပါတယ်။

စီမံကိန်း တခုလုံး ၁၇၀ မဂ္ဂါဝပ် တည်ဆောက်ပြီးစီးပါက တနှစ်ကို လျှပ်စစ်စွမ်းအင် ကီလိုဝပ် နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မှာဖြစ်သလို အိမ်ထောင်စုပေါင်း ၂၁၀၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မယ်လို့ သိရပါတယ်။

မနေ့က ဖွင့်လှစ်လိုက်တဲ့ စီမံကိန်းပထမအဆင့် ၄၀ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့တာဖြစ်ပြီး စီမံကိန်းပထမအဆင့် ၄၀ မဂ္ဂါဝပ်က ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ မန်း-အမ်း ဓာတ်အားလိုင်းက တဆ့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိန်ဆက် ပို့လွှတ်နေပြီလို့ လည်းသိရပါတယ်။

အန်အယ်လ်ဒီအစိုးရ သက်တမ်း ၃ နှစ်တာကာလအတွင်း မြို့ပေါင်း ၆၈ မြို့၊ ကျေးရွာပေါင်း ၅၁၉၁ ရွာကို ၂၄ နာရီလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ဖို့ တိုးချဲ့ဆောင်ရွက် ပေးနိုင်ခဲ့လို့ ၂၀၁၆ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်း အထိ တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်းပြည့်မီဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

No comments:

Post a Comment