Friday, June 28, 2019

လက်ဘနွန်မြို့လေးတွင် မွတ်စလင်များကို အိမ်ခြံမြေ ဝယ်ယူငှားရမ်းမှု ပိတ်ပင်

အသက် ၂၇ နှစ်အရွယ်ရှိ သတင်း ထောက် မိုဟာမက်အောဝပ်ဒ်နှင့် သူ့၏ ဇနီးတို့သည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ အရှေ့တောင်ဘက်တွင်ရှိသော မြို့ကလေးတစ်မြို့ တွင် အိမ်ခန်းတစ်ခန်း ငှားနေရန် သူတို့ တတ်နိုင်သည့် ငွေကြေးနှင့် အဆင်ပြေသော အိမ်ခန်းကို အွန်လိုင်းပေါ်၌ တွေ့ခဲ့သည်။ ထို့ကြောင့် အိမ်ကိုကြည့်ရန် ပိုင်ရှင်ထံသို့ ဖုန်း ဆက်ရာ ဇနီးမောင်နှံ နှစ်ဦးစလုံး မွတ်စလင် ဘာသာဖြစ်သော မိုဟာမက်အောဝပ်ဒ်တို့ကို ထိုမြို့ကလေးတွင် အခြေချရန် ခွင့်မပြုနိုင် ကြောင်း ပြောကြားလိုက်သဖြင့် အထူး အံ့အားသင့်ခဲ့ရသည်။ အိမ်ရှင်က အောဝပ်ဒ်ကို တောင်းပန်ခဲ့သည်။ အဆိုပါ ဟာဒက်မြို့ ကလေးတွင် သက်ဆိုင်ရာအာဏာပိုင်များက ခရစ်ယာန်ဘာသာဝင်များကိုသာ အိမ်ခြံမြေဝယ်ယူခွင့်နှင့် ငှားရမ်းခွင့်ပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်ဆို၏။



ရှီယာမွတ်စလင်လူငယ် သတင်းသမား ဇနီးမောင်နှံသည် သူတို့နားကိုပင် မယုံနိုင် လောက်အောင်ဖြစ်ခဲ့ရသည်။ ထိုမြို့ စည်ပင် သာယာရေးကော်မတီက မွတ်စလင်များအခြေချခွင့် ပိတ်ပင်ထားခဲ့သည်မှာ နှစ်အတန်ကြာပြီ ဆိုသည်။

အဆိုပါ ဟာဒက်မြို့ကလေးမှ ဖြစ်ရပ်သည်လူပေါင်း တစ်သိန်းကျော် သေဆုံးပြီး ၁၅ နှစ်ကြာ ပြည်တွင်းစစ်ကို ဖြစ်ပွားစေခဲ့သည့် လူမျိုးရေး ဘာသာရေး ခွဲခြားမှုအမြစ်တွယ်နေသော လက်ဘနွန်နိုင်ငံတွင် ထင်ရှားသည့် သာဓကတစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကဟာဒက်မြို့ကလေးတစ်မြို့လုံးသည် ခရစ်ယာန်ဘာသာဝင် အားလုံးနီးပါး နေထိုင်ရာ ဖြစ်သည်။ သို့ရာတွင် ပြည်တွင်းစစ်ပြီးဆုံးခဲ့သည့် ၁၉၉၀ နှင့် ၂၀၁၀ ပြည့်နှစ်အကြား မွေးဖွားနှုန်း မြင့်မားသော မွတ်စလင် လူဦးရေမှာ သိသိသာသာ တိုးလာသဖြင့် ယနေ့ခတ်တွင် ဟာဒက်၌ မွတ်စလင်ဘာသာဝင်အများစု နေထိုင်ရာမြို့ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မွတ်စလင်များနေထိုင်ခြင်းကို ပိတ်ပင်ခဲ့သည်။ ထိုအချိန်မှစ၍ ဟာဒက်တွင် မွတ်စလင်ဘာသာဝင်ဦးရေမှာ ၆၀ နှင့် ၆၅ ရာခိုင်နှုန်းကြားသာ ရှိခဲ့သည်။

No comments:

Post a Comment