Friday, June 28, 2019

ဦးဉာဏ်ဝင်း သွေးဝမ်းသွားနေ၍ ဆေးကုသမှုခံယူ

အမျိုးသားဒီမိုကရေစီအ ဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း သွေးဝမ်းသွားသဖြင့်ရန်ကုန်ဆေးရုံကြီးသို့ ဇွန်လ၂၆ ရက်က အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးမြင့်က ပြောသည်။ မွန်ပြည်နယ် ချောင်းဆုံမြို့ ၌ ဇွန်လ ၂၆ ရက်က ပါ တီဝင်များနှင့် တွေ့ဆုံပွဲအပြီးတွင် သွေးဝမ်းသွားသောကြောင့် ဦးဉာဏ်ဝင်းကို ရန်ကုန်မြို့သို့ ပြန်ခေါ်လာပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင်လည်း ကျန်းမာရေးမကောင်းကြောင်း ချောင်းဆုံမြို့နယ် ပါတီ ၀င်များကို ဦးဉာဏ်ဝင်း က ပြောကြားသည်။



‘‘အစာအိမ်မှာ အနာသေး သေးလေးတွေ့တယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီးတော့ နှလုံးရောဂါအတွက် သွေးကျဲ ဆေးတွေ သောက်နေရတယ်။ အဲ ဒီလို သောက်ရတော့ သွေးပိုထွက်ပြီးတော့ အခုလို ၀မ်းနည်းနည်း သွားတာလို့ အဖြေထွက်ပါတယ်’’ ဟု ဒီချုပ်ပါတီပြောရေးဆိုခွင့် ရှိ သူက ပြောသည်။ လက်ရှိတွင် ဦးဉာဏ်ဝင်း သည် ကျန်းမာရေးကောင်းမွန်နေ သဖြင့် နှစ်ရက်အတွင်း ဆေးရုံမှ ဆင်းရမည် ဖြစ်သည်။

‘‘ဆေးကလည်း တစ်ပတ် လောက်သောက်ပြီးရင် အားလုံး ကောင်းသွားမှာပါ။ စိုးရိမ်စရာ မရှိပါဘူးလို့ ဆရာဝန်ကြီး ပြောပါ တယ်။ အခုက ရန်ကုန်ဆေးရုံကြီး နှလုံးဆောင်မှာပါ။ ကျွန်တော်တို့ မှန်ပြောင်းကြည့်ထားတော့၊ အိပ် ဆေးသဘောမျိုးပေးထားတော့ အိပ်နေပါတယ်။ အနားယူနေပါ တယ်။ စိုးရိမ်စရာလုံးဝ မရှိပါဘူး’’ ဟု ဒေါက်တာမျိုးညွန့်က ပြော သည်။

ဦးဉာဏ်ဝင်းသည် ၁၉၉၀ ရွေးကောက်ပွဲက ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပါတီဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌနေရာယူထားသူ ဖြစ်သည်။ ထို့အပြင် ဦးဉာဏ်ဝင်းသည် ပြည်ထောင်စု ဥပဒေဆိုင်ရာ အ ထောက်အကူပေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေ သည်။

No comments:

Post a Comment