Friday, June 28, 2019

ကျူးကျော်များအတွက် ၁၅ ပေ x ၃၅ ပေခန့်ရှိ အိမ်ရာများကို အစိုးရပိုင်မြေပေါ်တွင် ချေးငွေဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး သုံးလအတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ကျူးကျော်များအတွက် ၁၅ ပေ x ၃၅ ပေခန့်ရှိ အိမ်ရာများကို အစိုးရပိုင် မြေပေါ်တွင် ချေးငွေဖြင့် တည်ဆောက် ပေးသွားမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများ လာမည့် သုံးလအတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ဇွန် ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။



“ကျွန်တော်တို့မှာ ရှိနေတဲ့ အစိုးရရဲ့ စီမံခန့်ခွဲနိုင်တဲ့ မြေပေါ့။ YCDC ရဲ့ စီမံခန့်ခွဲနိုင်တဲ့ မြေပေါ်မှာ သူတို့ သွားရေးလာရေး အဆင်ပြေစေနိုင်မယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နေရာဖြစ်မယ်ဆိုရင် အဲဒီနေရာကို ကျွန်တော်တို့ ချပေးဖို့ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ အခု  ကျွန်တော်တို့ စဉ်းစားနေတာက ၁၈ ပေ x ၃၅ ပေပေါ့။ ၁၅ ပေ အကျယ်ရှိတဲ့ အိမ်ဖြစ်မယ်ပေါ့။ ၁၈ ပေဆို ဘေးမှာလည်း သုံးပေလောက် ကျန်မယ်ပေါ့။ ၃၅ ပေ ရှည်မယ် အနေအထားပေါ့။ နောက်ဖေး လမ်းကြားလေးကလည်း သုံးပေလောက် ရှိမယ်ဆိုရင် Community မှာ နေဖို့ အဆင်ပြေသွားမယ်။ နောက်ဖေးလမ်းကြားကလည်း မိလ္လာစနစ်နဲ့ ပတ်သက်ရင် တန်ဖိုးအကြီးကြီး မဟုတ်ရင်တောင် မိလ္လာကန်တို့၊ ရေစစ်ကန်တို့ ပါနိုင်တဲ့ ပုံစံလေး ဆောင်ရွက်ရမယ့်အခြေအနေ ရှိပါတယ်။ တည်ဆောက်မယ့်ပုံစံ၊ စရိတ် အသက်အသာဆုံးနဲ့ သူတို့ နေထိုင်မယ့် အဆင်ပြေနိုင်ဆုံး နှုန်းထားနဲ့ ဆောက်ဖို့ ကျွန်တော်တို့ ကြိုးစားပါမယ်။ ကျွန်တော်တို့ မျှော်မှန်းထားချက်ကတော့ နောက် သုံးလလောက်မှာ တည်ဆောက်ရေး လုပ်ငန်းကို ရောက်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။


လက်ရှိအချိန်တွင် အဆိုပါအိမ်ရာများ တည်ဆောက်နိုင်ရေးအတွက် လေ့လာစမ်းစစ်မှုများနှင့် အရပ်ဘက် အဖွဲ့အစည်းများဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကာ ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တည်ဆောက်ပြီး အိမ်ရာများကို နေရေးအတွက် အမှန်တကယ် ခက်ခဲနေသည့် ပင်စင်စားများ၊ အလုပ် လုပ်နေသော်လည်း ဝင်ငွေ အခက်အခဲရှိသူများ၊ အထူးသဖြင့် နေရေးအတွက် အခက်အခဲ အရှိဆုံးသူများကို အဓိက ဦးစားပေး စဉ်းစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အိမ်ရာ တည်ဆောက်မှု ချေးငွေကို နေထိုင်သူများက ပြန်လည်ပေးဆပ်ရမည့်အပြင် ရောင်းချခြင်း၊ ငှားရမ်းမှုများ ဆောင်ရွက်ခွင့် မရှိကြောင်း သိရသည်။

“ဒီအပေါ်မှာ နေရမယ့် အိမ်လေးတွေကိုတော့ ချေးငွေ တစ်ခုနဲ့ ဆောက်ပါမယ်။ ဆောက်ပြီးရင် အဲဒီချေးငွေကို နေသူက ပြန်ဆပ်ရမယ်။ ဒီအိမ်က ရောင်းလို့ မရဘူး။ ငှားစားလို့ မရဘူး။ သူအမြဲနေလို့ရအောင် Community လေး တစ်ခု တည်ဆောက်ပေးဖို့ ပြင်ဆင်ပါမယ်”  ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အိမ်ရာ တည်ဆောက်ရာတွင်လည်း  အိမ်ပုံစံ ဒီဇိုင်းများကို နေထိုင်သူများ စိတ်ကြိုက်ရရှိနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သီးခြားခွဲထွက်မှုပုံစံမျိုး မဖြစ်စေရန် စီစဉ် ဆောင်ရွက်ထားကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် နေထိုင်သူဦးရေ လေးသိန်းနီးပါး ရှိကြောင်း၊ ယင်းအနက် စမတ်ကတ် ရရှိထားမှုမှာ ရာခိုင်နှုန်း ၇၀ အထိရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကနေ စမတ်ကတ် ကောက်ထားတာတွေ ရှိတယ်။ ဒီအပြင်ကို တိုးလာတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ စာရင်းကောက်ယူမှုတွေကို ကြည့်လိုက်တဲ့အခါမှာ ရာခိုင်နှုန်း ၇၀ ကတော့ စမတ်ကတ် ရရှိထားပြီးဖြစ်ပြီး ရာခိုင်နှုန်း ၃၀ ကတော့ စမတ်ကတ် မရှိသေးတဲ့သူတွေ တွေ့ရပါတယ်။ အဲဒီလူတွေကို စာရင်းကောက်ပြီးရင် သူတို့ကို နေရာချထားပေးဖို့အတွက် စီမံမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။         

No comments:

Post a Comment