Friday, June 28, 2019

ရုရှား ဒုံးကျည်များ ဝယ်ယူလျှင် ဆန်ရှင်ချမှတ်ရလိမ့်မည်ဟု တူရကီကို အမေရိကန် ခြိမ်းခြောက်

ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ်များကို တူရကီက ဝယ်ယူလျှင် ဆန်ရှင်ချမှတ်အရေးယူမည်ဟု အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ဇွန် ၂၆ တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။ တူရကီသည် ရုရှား အက်စ်-၄၀၀ ဒုံးကျည်များ ဝယ်ယူပါက အမေရိကန်၏ နည်းပညာမြင့် အက်ဖ်-၃၅ တိုက်လေယာဉ်များ တူရကီကို မရောင်းဟုလည်း အက်စ်ပါက တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီ အာကာကို ဘရပ်ဆဲလ်မြို့ နေတိုးဌာနချုပ်တွင် ဇွန် ၂၆ က တွေ့ဆုံစဉ် ခြိမ်းခြောက်ပြောကြားခဲ့ခြင်း ဖြစ်သည်။ တူရကီကမူ အမေရိကန် ခြိမ်းခြောက်မှုကို ကြောက်နေမည်မဟုတ်ကြောင်း၊ အက်စ်-၄၀၀ ဒုံးကျည်များ ဝယ်ယူရန် အပြီးသတ် သဘောတူထားပြီးဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။



အမေရိကန်သည် ၎င်းတို့၏ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တူရကီက ဝယ်ရန် အတင်းထိုးရောင်းလျက်ရှိပြီး မဝယ်လျှင် ဆန်ရှင်ထိမည်ဟု ခြိမ်းခြောက်လျက်ရှိသည်။

တူရကီက ရုရှား အက်စ်-၄၀၀ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုသာ ဝယ်ယူမှုကြောင့် အမေရိကန်သည် အက်ဖ်-၃၅ တိုက်လေယာဉ်သင်တန်းတက်နေသည့် တူရကီ လေတပ်အရာရှိများကို ဇူလိုင်လ နောက်ဆုံးထားပြီး အမေရိကန်မြေက ထွက်သွားရန် မောင်းထုတ်ခဲ့သည်။

အက်စ်-၄၀၀ ကို စွန့်လွှတ်ပြီး အမေရိကန် ပက်ထရီရော့ ဒုံးကျည်များ ဝယ်ရန် အချိန်မနှောင်းသေးဟုလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်စ်ပါက တူရကီကို ဖိအားပေးလျက်ရှိသည်။

ဂျပန်တွင် ကျင်းပမည့် ဂျီ ၂၀ အစည်းအဝေး၌လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီ သမ္မတ ရီဆပ် တေရစ် အာဒိုဂန်နှင့် တွေ့ဆုံကာ ပက်ထရီရော့ ဒုံးကျည်များ ဝယ်ယူရေး ဖိအားပေးဖွယ် ရှိနေသည်။ သမ္မတ အာဒိုဂန်က အက်စ်-၄၀၀ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် တူရကီ အရာရှိများ ရုရှားတွင် စစ်သင်တန်း ပြီးစီးပြီဖြစ်သလို၊ လာမည့် သီတင်းပတ်အတွင်း အက်စ်-၄၀၀ ဒုံးကျည်များကို တူရကီသို့ စတင်သယ်ယူတော့မည်ဖြစ်ကြောင်း ပြောကြားထားသည်။ သမ္မတ ထရမ့်နှင့် သီးသန့်တွေ့ဆုံမှုတွင် တူရကီကို ဆန်ရှင် မချမှတ်ရန် စည်းရုံးသွားမည်ဟု သမ္မတ အာဒိုဂန်က ပြောသည်။

No comments:

Post a Comment