Friday, June 28, 2019

မြန်မာနိုင်ငံတွင် လူလေးဦးလျှင်တစ်ဦး ဆင်းရဲနေ - တစ်ဦးလျှင်တစ်ရက်အသုံးစရိတ် ကျပ် ၁,၅၉၀ အောက်ရှိသူများကို ဆင်းရဲသူဟုသတ်မှတ် - ၁၂ နှစ်အတွင်း ဆင်းရဲသူ ထက်ဝက်ခန့်လျော့နည်းသွားဟုဆို

တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုတစ်သောင်း ကျော်ကို စာရင်းကောက်ယူရာ မြန်မာနိုင်ငံရှိ လူလေးဦးတွင် တစ်ဦး ဆင်းရဲနေကြောင်း မြန်မာနေထိုင်မှုအခြေအနေစစ် တမ်း(၂၀၁၇)ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ၌ ဖော်ပြသည်။ မြို့ပြတွင် လူ ၁၀ ဦးလျှင် တစ်ဦးဆင်းရဲပြီး ကျေးလက်၌ လူ ၁၀ ဦးလျှင် သုံးဦးဆင်းရဲကြောင်း ဆိုသည်။ ဆင်းရဲနွမ်းပါးသူဦးရေသည် ၂၀၀၅ တွင် ၁၈ ဒသမ ၇ သန်း (နိုင်ငံ့လူဦးရေ၏ ၄၈ ဒသမ ၂ ရာ ခိုင်နှုန်း)ရှိရာမှ ၂၀၁၇ တွင် ၁၁ ဒသမ ၈ သန်း(နိုင်ငံ့လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်း)သို့ ကျ ဆင်းခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ထို့ကြောင့် အစီရင် ခံစာအရ ဆင်းရဲနွမ်းပါးသူဦးရေ သည် ၂၀၀၅ နှင့် ၂၀၁၇ နှိုင်းယှဉ် လျှင် ထက်ဝက်ခန့်ကျဆင်းသည်။



‘‘အနိမ့်ဆုံးကုန်ကျစရိတ် တွေကို တွက်လိုက်တယ်။ အနိမ့် ဆုံးကုန်ကျစရိတ်အောက်မှာ ရောက်နေတဲ့သူတွေက ဆင်းရဲ နွမ်းပါးမှုဖြစ်တယ်’’ ဟု ဗဟိုစာ ရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ရှင်းပြသည်။

လူတစ်ဦးချင်း တစ်ရက်အ သုံးစရိတ်ကျပ် ၁,၅၉၀ အောက် သာရှိနေသူများကို ဆင်းရဲသူအ ဖြစ် သတ်မှတ်ပြီး ၂၄ ဒသမ ၈ ရာ ခိုင်နှုန်းရှိသည်။ တစ်ဦးလျှင် တစ် ရက်ကျပ် ၁,၅၉၀ မှ ၂,၃၈၅ ကျပ် အတွင်းရှိသူများကို အခြေမခိုင်ဘဲ မဆင်းရဲသောသူဟု သတ်မှတ်ပြီး ၃၂ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

စားသုံးမှု ၂,၃၈၅ ကျပ်အထက် ရှိနေသူများကို မဆင်းရဲသူများ အဖြစ် သတ်မှတ်ပြီး ၄၂  ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံ စာ၌ ဖော်ပြထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနဗဟိုစာရင်းအင်းအဖွဲ့ သည် ကမ္ဘာ့ဘဏ်နှင့်ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့၏ ငွေကြေးနှင့် နည်းပညာအကူအ ညီဖြင့် ၂၀၁၇ တစ်နှစ်ပတ်လုံး နိုင်ငံတစ်ဝန်းမှ စာရင်းအင်းနည်း လမ်းအရ ရွေးချယ်ထားသော အိမ်ထောင်စု ၁၃,၇၃၀ ထံမှ ကောက်ယူခဲ့ပြီး ဆင်းရဲနွမ်းပါး မှုအစီရင်ခံစာကို ဇွန်လ ၂၇ ရက် က ထုတ်ပြန်ခဲ့သည်။

ဆင်းရဲနွမ်းပါးမှုနှင့် နေထိုင် မှုအခြေအနေများ တွက်ချက် ရာတွင် အစားအစာစားသုံးမှု၊ အစားအစာမဟုတ်သောပစ္စည်း များသုံးစွဲမှု၊ ပညာရေး၊ အိမ်ရာ၊ တာရှည်ခံပစ္စည်း စသည်တို့အ တွက် အသုံးစရိတ်များကိုမေး မြန်းခဲ့သည်။

ယင်းကောက်ခံမှုများအရ ဆင်းရဲနွမ်းပါးမှုတွင် ချင်းပြည် နယ်သည် ဆင်းရဲမှုအမြင့်ဆုံး (၅၈ ရာခိုင်နှုန်း)၊ ရခိုင်ပြည်နယ် သည် ဆင်းရဲမှုဒုတိယအမြင့်ဆုံး (၄၂ ရာခိုင်နှုန်း)၊ တနင်္သာရီ၊ မန္တ လေးတိုင်းနှင့် ရန်ကုန်တိုင်းဒေသ တို့သည် ဆင်းရဲမှုနှုန်းအနိမ့်ဆုံး (၁၃ ဒသမ ၁၄ ရာခိုင်နှုန်း) ဖြစ် သည်။

ဆင်းရဲနွမ်းပါးမှုအရေအ တွက်အရ ဧရာဝတီတိုင်းဒေသ ကြီးတွင် ဆင်းရဲနွမ်းပါးသူဦးရေ အများဆုံး (၁ ဒသမ ၈ သန်း)၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေ သကြီးတို့တွင် ဆင်းရဲနွမ်းပါးသူ ၁ ဒသမ ၅ သန်း၊ ကယားပြည်နယ် တွင် ဆင်းရဲနွမ်းပါးသူဦးရေအ နည်းဆုံး ၉၁,၀၀၀ ဦးတို့ဖြစ်သည်။

စစ်တမ်းကောက်ယူရာတွင် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နှင့်မောင်တောမြို့ နယ်တို့၌ ကောက်ယူနိုင်ခြင်းမရှိ ပေ။

မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း (၂၀၁၇)အချက်အလက် များကို စိစစ်လေ့လာရာမှ ရရှိ သည့်အဓိကညွှန်းကိန်းများ အစီ ရင်ခံစာ၊ ဆင်းရဲနွမ်းပါးမှုအစီရင် ခံစာတို့ကို ယမန်နေ့ကထုတ်ပြန် ခဲ့ပြီး ဆက်လက်၍ လူမှုစီးပွားရေး ဆိုင်ရာအစီရင်ခံစာကို ထုတ်ပြန် မည်ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုစာရင်းကို ငါးနှစ်လျှင် တစ်ကြိမ်ကောက်ခံပြီး ၂၀၀၅၊ ၂၀၁၀၊ ၂၀၁၅တို့တွင် ကောက်ခံခဲ့သည်။ ကောက်ယူရရှိခဲ့သည့်အ ချက်များကို တိုင်းနှင့်ပြည်နယ်အ လိုက် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေး စီမံကိန်းရေးဆွဲခြင်း၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အလက်များ အခြေခံ၍ မူဝါဒ   ချမှတ်ရာတွင်လည်း ကောင်း၊ စာရင်းအင်းကိန်းဂဏန်း အသုံးပြုသူများ အသုံးပြုနိုင်ရန် သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဦးဆန်း မြင့်က ပြောသည်။

No comments:

Post a Comment