Friday, June 28, 2019

တရုတ်နိုင်ငံရှိ ကြံစိုက်ခင်းတွင်မှိုအရိုင်းစားမိသည့် မြန်မာနိုင်ငံ သား(၇)ဦးအနက် (၄)ဦးသေဆုံး

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင် ကြံစိုက်​ခင်းတွင်​ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၇)ဦး မှိုရိုင်းများချက်စားရာမှ မှိုအဆိပ်​သင့်​မှု​ကြောင့်​ (၄)ဦး​သေဆုံးခဲ့​ကြောင်း သိရှိရသည်​။ မှိုအဆိပ်​သင့်​မှု​ကြောင့်​ ဦးထွန်းထွန်းဦး(၃၆)နှစ်၊ ဦးထွန်းလင်း(၄၃)နှစ်၊ မောင်တင်ဆန်းလင်း(၁၈)နှစ်၊ ဦးစူပါ(၂၆)နှစ်၊ မသိန်းသိန်းဝင်း(၂၈)နှစ်၊ မစုမြတ်ခိုင် (၂၃)နှစ်နှင့် မကေဇင်သွယ်(၁၈)နှစ်တို့သည် ဇွန်လ (၂၀)ရက်တွင် (နေ့လည်တစ်ခါ၊ ညနေတစ်ခါ) ကြံစိုက် ခင်းနားရှိ မှိုရိုင်းများချက်စားရာမှ အစာအဆိပ်သင့်ပြီး လုံချွန်ခရိုင်ဆေးရုံတွင် (၅) ရက်ကြာကုသမှုခံယူသော် လည်း ထူးခြားမှုမရှိသောကြောင့် ကူမင်းမြို့ရှိ မြန်မာနိုင်ငံ ​ကောင်စစ်ဝန်ချုပ်ရုံးနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံး၊ ကောင်စစ်ရေးရာဌာနတို့၏ ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ(၂၆)ရက် နေ့လည်(၃) နာရီအချိန် ခန့်တွင် လွှဲပြောင်းပေးခဲ့သည်။



လွှဲပြောင်းပေးရာတွင် မြန်မာနိုင်​ငံ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစန်းဝေ၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများမှ လက်ခံခဲ့ပြီး မူဆယ်မြို့၊ လူမှုကရုဏာ လူမှုကူညီ ရေးအသင်းမှ လူနာတင်​ယာဉ်(၅)စီးဖြင့် မူဆယ်ပြည်သူ့ ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှိုအဆိပ်သင့်သည့် လူနာများအား မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ ကူညီထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

မူဆယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် မူဆယ်မြို့၊ လူမှုက ရုဏာ လူမှုကူညီရေးအသင်းမှ လူနာတင်​ယာဉ်(၄)စီးဖြင့် ညနေ (၅)နာရီအချိန်ခန့်တွင် မန္တလေးပြည်သူ့ဆေးရုံသို့ ဆက်လက်ကုသရန်ပို့ဆောင်ခဲ့ရာ ဇွန်လ (၂၇)ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံ၌ (၄)ဦး သေဆုံးသွားခဲ့ ​ကြောင်း မူဆယ်မြို့ လူမှုကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း၏ ပြောပြချက်အရသိရသည်။

No comments:

Post a Comment