Friday, June 28, 2019

မီးပျက်ရသည့်အကြောင်း ဖော်ထုတ်ပြီး နောင်မဖြစ်ရန် ကြိုးစားမည်ဟု အတိုင်ပင်ခံ ပြော

မီးမကြာခဏပျက်နေတာ မှန်ကန်ကြောင်းနဲ့ မီးပျက်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ပြီး နောင်မဖြစ်အောင် ကြိုးစားသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မကွေးတိုင်း မင်းဘူး(စကု)မြို့အနီးမှာ ဇွန်လ ၂၇ ရက်မနက်က မြန်မာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ “တချို့မှာ လျှပ်စစ်ဓာတ်အားရရှိပြီဆိုသော်လည်း မကြာခဏ မီးပျက်သည်ဟု ပြောကြပါကြောင်း၊ အမှန်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ မကြာခဏ မီးပျက် သည်ဆိုသည့် အကြောင်းအရင်းများမှာလည်း များစွာရှိပါကြောင်း၊ ယင်းကဲ့သို့ အကြောင်း အရင်းများကို မိမိတို့အနေဖြင့် ဖော်ထုတ်ပြီး နောင်မဖြစ်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း။”



အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲသူတွေ တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားရရှိစေဖို့ ဆောင်ရွက်ပေးနေသလို လျှပ်စစ်ဓာတ်အားမရသေးသူတွေအတွက်လည်း လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ တနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်မှာ တနိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လာမယ့်နှစ် လျှပ်စစ်သုံးစွဲမှု တိုးတက်လာမှာကို ဖြည့်ဆည်းသွားနိုင်ဖို့ ၁၂၀၀ မဂ္ဂါဝပ်လောက်ရှိ LNG နဲ့ Gas အင်ဂျင်သုံးစက်တွေနဲ့ ကာလတိုအတွင်း အချိန်မီ ဖြည့်ဆည်း နိုင်ဖို့ စီမံဆောင်ရွက်ပေးနေကြောင်းလည်း ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ရရှိအောင် နည်းအမျိုးမျိုးနဲ့ လုပ်နေပြီး ပြည်သူတွေကလည်း အစိုးရလုပ်ငန်းစဉ်အပေါ် ၀ိုင်းဝန်းကူညီပေးကြဖို့ အတိုင်ပင်ခံက တိုက်တွန်းသွားပါတယ်။

“နည်းတမျိုးတည်းကို အားကိုး၍ မဖြစ်ပါကြောင်း၊ နည်းတမျိုးတည်းကို အားကိုးမည်ဆိုပါက မိမိတို့နိုင်ငံ၏လိုအပ်ချက်နှင့် ကိုက်ညီအောင် မိမိတို့ ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်တိုးတက်မြင့်မားရေးသည် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်မှုနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည့်အတွက် မိမိတို့အစိုးရအနေဖြင့် တနိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရေး ရည်မှန်းချက်အောင်မြင်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်သကဲ့သို့ အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပါ် ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းကူညီပေးကြရန် တိုက်တွန်း လိုပါကြောင်း။” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစပြီး  လျှပ်စစ်မီးတွေ မမှန်တော့ဘဲ မီးတခါပြတ် ၂ နာရီနှုန်းနဲ့ လျှပ်စစ်မီးကို အလှည့်ကျ ခွဲဝေသုံးစွဲခဲ့ကြရပါတယ်။

ဇွန် ၂၂ ရက်က လျှပ်စစ်မီးကို နဂိုမူလအတိုင်း အချိန်ပြည့် ပေးတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာခဲ့ပေမယ့် လက်ရှိအချိန်အထိ မီးက ပြတ်တောင်းပြတ်တောင်း ပျက်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ဇူလိုင်လကစပြီး လျှပ်စစ်မီတာခ နှုန်းထားတွေကို ပျမ်းမျှ ၂ဆ တိုးမြှင့်ကောက်ခံမယ်လို့လည်း  ဇွန် ၂၅ ရက်မှာ အစိုးရက တရားဝင် ကြေညာထားပါတယ်။

No comments:

Post a Comment