Friday, June 28, 2019

မန္တလေးတက္ကသိုလ်ကိုဖြတ်သန်းပြီး လမ်းဖောက်လုပ်မည့်အပေါ် ကျောင်းသားထုသဘောထား ကောက်ခံ

မန္တလေးတက္ကသိုလ် ပရဝုဏ် အတွင်းကနေ ဖြတ်သန်းပြီး လမ်းဖောက်လုပ်မယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့တဲ့အတွက် တက္ကသိုလ် ကျောင်းသားထုရဲ့ သဘောထားစစ်တမ်း aကာက်ယူမှုကို မန္တ​လေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မန္တ​လေး မြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုမှာ မန္တ​လေးတက္ကသိုလ်အတွင်းကနေ ဖြတ်သန်းပြီး အများပြည်သူသုံး လမ်းဖောက်လုပ်မယ်လို့ မှတ်ချက်ပြုခဲ့ကြောင်း၊ ကျောင်းသားတွေဘက်က ဖုန်းဆက်သွယ်မေးမြန်းတဲ့အခါမှာ မဖောက်လုပ်ဖူးလို့ ပြန်လည်ဖြေကြားခဲ့ကြောင်း၊ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းသားတွေရဲ့ သဘောထားကို စစ်တမ်းကောက်ခံ ရယူထားတာလို့ မန္တ​လေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စာပေ တာဝန်ခံ ကိုရန်စိုးပိုင်က ပြောပါတယ်။



“ဆာဗေးစစ်တမ်း ထွက်လာပြီဆိုလို့ရှိရင် ကျနော်တို့ ကျောင်းကိုတင်ပြမယ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရကိုလည်း တင်ပြသွားမှာပါ။”

ဒီစစ်တမ်းမှာ မန္တ​လေးတက္ကသိုလ်အတွင်း အများပြည်သူသုံး လမ်းဖောက်လုပ်မယ့်အပေါ် ကျောင်းသားထုရဲ့ ထင်မြင်ယူဆချက်၊ အများပြည်သူသုံးလမ်း အမှန်တကယ် ဖောက်လုပ်ပါက တက္ကသိုလ်လုံခြုံရေး ထိခိုက်နိုင်မှု ရှိမရှိ၊ တက္ကသိုလ်ဝင်းအတွင်း ဖြတ်သန်းပြီး လမ်းဖောက်လုပ်ခြင်းအားဖြင့် ယာဉ်ကြောကြပ်တည်းမှု လျှော့ချပေးနိုင် မပေးနိုင်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို အတန်းကိုယ်စားလှယ် (EC) တွေကနေ တဆင့် ကျောင်းသားကျောင်းသူ ၁၈၀၀ လောက်ကနေ တပတ်အတွင်း ကောက်ယူပြီး စစ်တမ်း ထုတ်ပြန်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ကျောင်းဖွင့်ရာသီနဲ့ အခုနှစ် ကျောင်းဖွင့်ရာသီမှာ ဆိုင်ကယ်ပျောက်ဆုံးမှု၊ လုယက်မှုနဲ့ ဓားထိုးမှုပေါင်း ခြောက်ခုလောက် ဖြစ်ပွားခဲ့ပြီး အများပြည်သူသုံး လမ်းတခု အမှန်တကယ် ဖောက်လုပ်ဖြစ်ပါက တက္ကသိုလ် လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရှိတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

“ဒီလိုမျိုး လုပ်လိုက်မယ်ဆိုလို့ရှိရင် ကျောင်းသားတွေရဲ့အပေါ်မှာ လုံခြုံရေးအတွက် ဘယ်လောက်ထိခိုက်နိုင်မလဲ၊ နောက်ပြီး မန္တ​လေးတိုင်းဒေသကြီး အစိုးရကရော အဲ့ဒီအပေါ်မှာ ဘယ်လောက်အာမခံချက်ပေးနိုင်လဲ၊ အဲ့လိုမျိုးဟာမရှိဘဲနဲ့ လမ်းဖောက်မယ်ဆိုရင် ကျနော်တို့ သမဂ္ဂအနေနဲ့ကတော့ ကျောင်းသားတွေရဲ့ သဘောအတိုင်းပဲ၊ စစ်တမ်းကောက်ယူရရှိတဲ့အပေါ်မှာ ရပ်တည်မှာ” လို့ ကိုရန်စိုးပိုင်က ပြောပါတယ်။

No comments:

Post a Comment