Friday, June 28, 2019

ပြည်ပတင်ပို့ရန် အပြိုင်အဆိုင်ဝယ်ယူမှုများ၍ မင်းဘူးဒေသ၌ ဆိတ်မွေးမြူသူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အတွင်း တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများမှာ ယခုလပိုင်းတွင် လာရောက်ဝယ်သူတို့က တရုတ်ပြည်သို့တင်ပို့ရန် အပြိုင်အဆိုင် ဈေး ကောင်းပေးဝယ်ယူမှုများကြောင့် အဆင်ပြေ နေကြောင်း သိရသည်။ "အခုရက်ပိုင်းမှာ ဆိတ်ဝယ်တဲ့ကုန်သည် တွေ ဆင်းလာပြီး ဝယ်နေကြတယ်။ မနှစ်က ဆိတ်မတစ်ကောင်ကို ကျပ် ၅၀,ဝ၀ဝ၊ ၆၀,ဝ၀ဝ လောက် ဈေးရပြီး ဆိတ်ထီးတစ်ကောင် ကို ကျပ် ၁၀ဝ,ဝ၀ဝ ဝန်းကျင်ခန့် ဈေးရခဲ့ပါတယ်။
အခုလာဝယ်တာ ဆိတ်မတစ်ကောင်ကို ကျပ် ၁၀ဝ,ဝ၀ဝ ဝန်းကျင်နဲ့ ဆိတ်ထီးတစ်ကောင်ကို ကျပ် ၁၅၀,ဝ၀ဝ၊ ၁၆၀,ဝ၀ဝ အထိ ဈေးကောင်း ပေးဝယ်ယူနေကြပါတယ်။ နယ်တွေအထိ ကွင်းဆင်းဝယ်ယူနေကြတော့ ကျွန်တော်တို့လို မွေးမြူရေးသမားတွေအတွက် ဈေးကောင်း ရပြီး အဆင်ပြေတာပေါ့"ဟု မင်းဘူးမြို့နယ် အမှတ်(၁)ရပ်ကွက် ကုလားတန်းရပ်နေ မွေးမြူ ရေးလုပ်ကိုင်သူ ကိုဘဂျမ်းက ပြောဆိုသည်။

ဆိတ်မွေးသူတိုးလာ

"မနှစ်ကတော့ ဆိတ်ဝယ်ယူသူနည်းတဲ့ အတွက် ဆိတ်ဈေးလည်း မကောင်းခဲ့ဘူး။ ယနေ့ကာလမှာ နယ်ကျော်သယ်ယူရောင်းချ ခွင့်ပါမစ်တွေ ရရှိနေတဲ့အတွက် ဝယ်လက် တွေ များလာတာလို့ သိရတယ်။ တရုတ်ပြည် ကို တင်ပို့ရောင်းချတာလို့လည်း သိရတယ်။ အခု ဆိတ်ဈေးနှုန်းတွေ မြင့်တက်လာတော့ ဆိတ်မွေးတဲ့သူတွေလည်း တိုးလာနေပါတယ်" ဟု ၎င်းက ရှင်းပြသည်။

ကုမ္ပဏီများပြားလာ
ယခုနှစ်တွင် မွေးမြူရေးကုမ္ပဏီ ၁၈ ခု အထိ ရှိခဲ့ပြီး ယမန်နှစ်အထိ မွေးမြူရေးကုမ္ပဏီ နှစ်ခုသာရှိခဲ့ကြောင်း၊ ပြည်ပသို့ တင်ပို့နေသည့် ကုမ္ပဏီများပြားလာသည်နှင့်အညီ ပြည်တွင်း ဈေးကွက်၌လည်း ဈေးနှုန်းမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ တစ်ပိုင်တစ်နိုင် မွေးမြူ သူများ တိုးပွားလာကြောင်း သိရသည်။

"ကျွန်တော်တို့က ဟိုးအရင် မိဘတွေ လက်ထက်ကတည်းက မွေးမြူရေးလုပ်ငန်း အဖြစ် နွား၊ ဆိတ်၊ သိုးတွေကို မွေးမြူလာခဲ့ တာပါ။ ယခု တစ်လ၊ နှစ်လအတွင်း နွား၊ ဆိတ်တွေကို ဈေးကောင်းပေးဝယ်နေကြ တယ်။ ခိုင်းနွားတွေရော၊ ခိုင်းနွား မဟုတ်တဲ့ နွားတွေရော ဝယ်တယ်။ ဆိတ်တွေကိုလည်း ဈေးကောင်းပေးဝယ်ကြတယ်။ လွန်ခဲ့တဲ့ရက် ပိုင်းက ဆိတ်ကောင်ရေ ၅၀ ကျော် ရောင်း လိုက်ပါသေးတယ်"ဟု မင်းဘူးမြို့နယ် အမှတ် (၁) ရပ်ကွက် ရေစက်ကုန်းရပ်နေ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ကိုရဲဝင်းက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ဝေသာကီ၊ ဂျိတ်နီ၊ ထိန်ခန်းဟူ၍ ဆိတ်မျိုးစိတ် သုံးမျိုးရှိပြီး မကွေး တိုင်းဒေသကြီးအတွင်း ထိန်ခန်းမျိုးစိတ်ကိုသာ အဓိကထားမွေးမြူကြကြောင်း ဆိတ်မွေးမြူသူ များထံမှ သိရသည်။

No comments:

Post a Comment