Friday, June 28, 2019

ဆေးခါးကြီးတစ်ခွက် မျိုချခြင်း

မီတာခတွေတိုးကောက် လိုက်သဖြင့် လျှပ်စစ်မီး အစ်ရှူးက ရှေ့တန်း ရောက်လာပြန်သည်။  ယခုနှစ်အတွင်း လျှပ်စစ်မီး မလုံ လောက်မှုကသိသာလာပြီး ယခင် နှစ်များက မပြုလုပ်ခဲ့သည့် အချိန် ပိုင်း  လျှပ်စစ်မီးဖြတ်တောက်မှု တွေကိုပါ ရန်ကုန်မြို့နှင့်တကွ  တစ်ပြည်လုံးအတိုင်းအတာဖြင့်  လုပ်ဆောင်လာသဖြင့် ပြည်သူ တွေအကြား စိတ်ပျက်ညည်းတွား မှုကြီးထွားလာနေစဉ်မှာ ယခုကဲ့ သို့  မီတာခတိုးကောက်မည့်အစီအ စဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။  နဂိုကတည်းက ပြတ်လိုက်၊ လာ လိုက်နှင့် စိတ်ပျက်ဖွယ်ရာ စခန်း သွားနေရသော မြို့နေလူထုအ တွက် ဒေါသကို နှိုးဆွလိုက်သလို လည်း ဖြစ်သွားသည်။

မီတာခတွေ တိုးမြှင့်ကောက် ခံတာထက် လျှပ်စစ်မီးကို လုံလုံ လောက်လောက်ပေးနိုင်ဖို့ လို သည်ဟု အချို့က သုံးသပ်သလို အခြေခံလူတန်းစားတွေအတွက်  မီတာခတိုးမြှင့်မှုက အခက်တွေ့ စေပြီး ကုန်ဈေးနှုန်းတွေလည်း ကြီးမြင့်လာနိုင်သည်ဟု အချို့က  သုံးသပ်ကြသည်။

ဘာပဲဖြစ်ဖြစ် မီတာခ တိုး မြှင့်ကောက်ခံသည့် သတင်းမှာ အားလုံးအတွက်တော့ (ခုချိန်မှာ)  သတင်းဆိုးတစ်ခုဖြစ်သွားသည်။  နိုင်ငံ့စီးပွားရေး တုံ့နှေးနေဆဲအ ခိုက်၊ ယခုအစီအစဉ်ထွက်ပေါ် လာသည့်အတွက် အကောင်း ဘက်ကထက် အဆိုးဘက်က ပို များသွားနိုင်သည်။ အစိုးရအပေါ် လူထု၏ ငြိုငြင်မှုပိုလာနိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲက တဖြည်း ဖြည်း နီးကပ်လာပြီဖြစ်ရာ ထိုအ ခြေအနေတွင် ပြည်သူလူထုငြိုငြင် နိုင်သော အပြောင်းအလဲတွေကို  သတိထားဖို့လိုသည်။ အစိုးရ ကတော့ လူထုငြိုငြင်မှုထက် လုပ် သင့်လုပ်ထိုက်တာကို  လုပ်သည် ဟုသဘောထားပုံရသည်။ လျှပ် စစ်စွမ်းအင် ဝန်ကြီးဌာနဘက်က လည်း ‘‘အရှုံးပေါ်နေသည့်အတွက်  မဖြစ်မနေ တိုးမြှင့်လိုက်ရပါသည်။ယခုလို တိုးမြှင့်လိုက်တာပင် အမြတ်မရှိသေးပါ’’ ဟုဆိုသည်။

အမှန်စင်စစ် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုနှင့် ဖြန့်ချိမှု ကိစ္စမှာ ယခုအစိုးရလက်ထက် ကျမှ အသစ်အဆန်းဖြစ်ပြီး ပေါ် လာသော ပြဿနာမဟုတ်။ စစ် အစိုးရ လက်ထက်ကတည်းက  မဖြေရှင်းနိုင်ခဲ့သော  ပြဿနာ တစ်ခုဖြစ်သည်။ လွဲမှားခဲ့သော စီမံခန့်ခွဲမှု၊ အကျင့်ပျက်ခြစားမှု တွေကြောင့် နိုင်ငံသည် ပြည်သူ တွေလိုအပ်သော အခြေခံလျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးမှုမှာပင် လူစဉ်မမီခဲ့။

တစ်နေ့တခြားတိုးပွားလာ သော လူဦးရေ၊ တစ်နေ့တခြား တိုးပွားလာသော လျှပ်စစ်ဓာတ် အားသုံးစွဲမှုတွေအတွက် ကြိုတင် ပြင်ဆင်ထားသည့် အနာဂတ်စီမံ ကိန်းတွေကို အစိုးရများက အ ကောင်အထည်ဖော်ရာတွင် မှန်း ချက်နှင့် နှမ်းထွက်မကိုက်ခဲ့။  အ နာဂတ် စွမ်းအင်ဖူလုံရေးအတွက် စီမံကိန်းကြီးများ ချမှတ်ခဲ့သော် လည်း မျှော်လင့်သလို ဖြစ်မလာ။  အိမ်နီးချင်းနိုင်ငံအားလုံး အခြေခံ  လျှပ်စစ်ဓာတ်အား လုံလောက်စွာ  ရရှိနေချိန်တွင် မိမိတို့မှာ ပြဿနာ  အခက်အခဲတွေနှင့် ရင်ဆိုင်နေ ရဆဲ။ လျှပ်စစ်ဓာတ်အား မလုံ လောက်မှုနှင့် ကြုံတွေ့နေရဆဲ။ ထိုင်းတို့၊ တရုတ်တို့ မဆိုထားနှင့်၊  ဘင်္ဂလားဒေ့ရှ်ကိုပဲကြည့်ကြည့်၊  လာအိုကိုပဲကြည့်ကြည့် လျှပ် စစ်မီးသုံးစွဲနိုင်မှုက မိမိတို့ထက်  ပိုသည်။ မိမိတို့မှာ စွမ်းအင်အ ရင်းအမြစ်တွေ ပိုင်ဆိုင်ထားပါ လျှက် မလုံမလောက် ဖြစ်နေရ သည်။ ဘာကြောင့်လဲ။

ခန့်မှန်းချက်များအရ မြန်မာ နိုင်ငံတွင် ထုတ်ယူနိုင်သော ရေ အားလျှပ်စစ်ပမာဏ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသည်ဟု သိရ သည်။ အမှန်တကယ်ထုတ်ယူ နိုင်မှုမှာ မဂ္ဂါဝပ် ၃,၀၀၀ ဝန်းကျင် သာ ရှိသည်။ တစ်နိုင်ငံလုံးသုံးစွဲ နေသည့် လျှပ်စစ်ဓာတ်အားသုံးပုံ နှစ်ပုံကို ရေအားလျှပ်စစ်မှ ရရှိ နေသော်လည်း အနာဂတ်ရေအား လျှပ်စစ်စီမံကိန်းအားလုံး အ ကောင်အထည်ဖော်ဖို့ကျတော့ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင် နေရသည်။  လျှပ်စစ်အရင်းအမြစ် အဖြစ် ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံများ တည်ဆောက် ဖို့ကျပြန်တော့လည်း ကန့်ကွက်မှု တွေကြောင့် အခက်အခဲကြုံနေ ရသည်။ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု  ကျပြန်တော့ စရိတ်စက ကြီးလွန်း သည်။ ပြန်လည်သုံးစွဲနိုင်သော  သဘာဝစွမ်းအင်လျှပ်စစ်ထုတ် လုပ်မှုကျတော့ ယခုမှ စလုံးရေ  စနိုင်သေးသည်။ ယခုနှစ်အတွင်း တစ်နိုင်ငံလုံး၏ လျှပ်စစ်သုံးစွဲမှုက  မဂ္ဂါဝပ် ၃,၆၀၀ သို့ ရောက်ရှိလာ သည်။ ၂၀၁၄ ခုနှစ်က သုံးစွဲမှု မဂ္ဂါဝပ် ၂,၀၀၀ ကျော်သာ ရှိသေး သည်။ နှစ်စဉ် လျှပ်စစ်သုံးစွဲမှု ၁၉ ရာခိုင်နှုန်း တိုးမြင့်လာသော်လည်း  ထုတ်လုပ်မှုက အမီမလိုက်နိုင်။

အစိုးရဘက်ကတော့  နှစ် စဉ် လိုအပ်သောလျှပ်စစ်ပမာဏ ဖြည့်ဆည်းဖို့ နည်းလမ်းပေါင်းစုံ  သုံးနေသည်။ ရေအားလျှပ်စစ် စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ကျတော့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကန့် ကွက်သဖြင့် အခက်တွေ့နေ သည်။ စီမံကိန်းတန်ဖိုးတွေက ကြီးမားသဖြင့် တော်ရုံရင်းနှီးမြှုပ် နှံသူတွေ စိတ်မဝင်စား။ တကယ် လုပ်နိုင်တာက တရုတ်ကုမ္ပဏီ တွေပဲ ရှိသည်။ လက်ရှိ အဓိက လည်ပတ်နေသော ရွှေလီနှင့် ရဲရွာက စုစုပေါင်း မဂ္ဂါဝပ် ၁,၃၀၀ ကျော်ပဲ ထုတ်နိုင်သည်။ ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကျပြန်တော့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ကန့်ကွက်ခံရပြန်သည်။ အ ကောင်အထည်မဖော်နိုင်။ ယခု တော့ သဘာဝဓာတ်ငွေ့သုံးလျှပ် စစ်ဓာတ်အားထုတ်လုပ်မှု၊ နေ ရောင်ခြည်နှင့် လေစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်မှုနည်းလမ်း တွေကိုပါ လုပ်ဆောင်နေတာတွေ့ရသည်။

မီတာခတွေ တိုးကောက် ရတာကလည်း အစိုးရအနေနှင့် အရှုံးပေါ်လွန်းနေသည့်အတွက် ဖြစ်သည်ဟုဆိုသည်။ ၂၀၁၈ ခု နှစ်အတွင်း ကျပ်ဘီလီယံ ၆၃၀ ဆုံးရှုံးနစ်နာခဲ့ရာဈေးနှုန်းမပြောင်းပါက ကျပ် ၁ ဒသမ ၄ ထရီလီယံ အထိ ဆုံးရှုံးနိုင်သည်ဟု ခန့်မှန်းထားသည်။ အိမ်နီးချင်းနိုင်ငံတွေနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားခ နှုန်းထားက အလွန်နည်းနေသည်။ ထိုနှုန်းအတိုင်းဆိုပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနှင့်လည်းမကိုက်။ အစိုးရအနေနှင့် အဘက်ဘက်က စဉ်းစားပြီးမှ ဈေးနှုန်းတိုးမြှင့်လိုက်ပုံရသည်။ ယခုဈေးနှုန်း တိုးမြှင့်မည့်ကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်ကကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။

ယခုလောလောဆယ်တော့ မီတာခတိုးမြှင့်လိုက်သည့်ကိစ္စက  ပြည်သူတွေအကြား  အတော် ဂယက်ရိုက်ခတ်သွားသည်။ သာ မန်ပြည်သူတွေ၊ သာမန်အိမ်သုံး လျှပ်စစ် သုံးစွဲသူတွေအတွက် မဆိုစလောက် ဈေးတက်သွား သည်ဆိုနိုင်သော်လည်းစီးပွားရေး လုပ်ငန်းရှင်တွေအတွက်တော့ အ ရှိုက်ထိသလိုဖြစ်သွားသည်။ သူ တို့က မီတာခအကြောင်းပြု၍ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ မှာ ဈေးနှုန်းတိုးမြှင့်လာလျှင်တော့  အခြေခံလူတန်းစားတွေပဲ ခံကြရ ဦးမည်။ မီတာခတိုးမြှင့်လိုက် သည့်ကိစ္စကတော့ အစိုးရအတွက် ဆေးခါးကြီးမျိုချရသည့်အဖြစ်မျိုးပင်။ ၂၀၂၀ ရွေးကောက်ပွဲ နီးလာချိန် လူကြိုက်မများနိုင်သည့်ကိစ္စတစ်ခုကို အကောင်အထည်ဖော်ဝံ့သည့် အစိုးရ၏ လုပ်ရပ်ကတော့  အံ့အားသင့်စရာ ကောင်းနေသည်။ 

No comments:

Post a Comment