Friday, June 28, 2019

ခုခံနိုင်စွမ်းမရှိတော့လို့ပါ

 ကျီစုသုသာန်ရှိ အကျယ်ဆုံး  နာရေးခန်းမတစ်ခုအတွင်း အ နက်ရောင်တီရှပ် ဆင်တူဝတ်ဆင် ထားသည့် အသက် (၃၀) အရွယ် လူငယ်နှစ်ဦး လက်ချင်းချိတ်၍  ၀င်ရောက်လာသည်။ ခန်းမအ၀င် ၀ကစ၍ ကွယ်လွန်သူရုပ်အ လောင်း ပြင်ဆင်ထားသည့်နေရာ အထိ အခြားသော အနက်ရောင် အင်္ကျီဝတ်ဆင်ထားသူများ ပြည့် နေသဖြင့် လူငယ်နှစ်ဦး၏ခြေလှမ်း များက ရှေ့သို့မရောက်နိုင်ဖြစ် နေသည်။

ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အင်္ကျီဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ၀ိုင်းအုံနေသည်။

အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။

တိုးတိုးတိတ်တိတ် ဆု တောင်းစကား ပြောကြားပြီး နောက် လူငယ်တစ်ဦးသည် အဖော်လူငယ်တစ်ဦး၏ ပခုံးကို နွေးထွေးစွာပွေ့ဖက်ပြီး လူအုပ်အ ကြား တိုးဝှေ့ပျောက်ကွယ်သွား သည်။

အဆိုပါလူငယ်နှစ်ဦး ထွက် ခွာသွားသော်လည်း  သေဆုံးသူ မောင်ကျော်ဇင်ဝင်း ရုပ်အ လောင်းကို အခြားသော LGBT များ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်လက်တိုး ဝှေ့ကြည့်ရှုနေသည်။

မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းအနီးတွင် LGBT လူ ငယ်အချို့အပေါ် သြဇာလွှမ်းပုံရ သည့် ခပ်၀၀ LGBT အမျိုးသမီး တစ်ဦးအမြဲရှိသည်။ အန်တီမြင့် ဟုခေါ်ဆိုသည့် အဆိုပါအမျိုး သမီးသည် LGBT တို့၏ သင်္ကေ တအမှတ်တံဆိပ်ဖြစ်သော အနီ၊ လိမ္မော်၊ အ၀ါ၊ အစိမ်း၊ အပြာ၊ ခရမ်းအစရှိသည့် အရောင် ခြောက်ခုရောနှောထားသော ပ၀ါ ကို လွှမ်းခြုံထားသည်။

သေဆုံးသူ၏ ရုပ်အလောင်း ပေါ်တွင်လည်း အရောင်ခြောက်ခု  ရောစပ်ထားသည့် LGBT  အမှတ် တံဆိပ်အလံကို လွှမ်းခြုံပေးထား သည်။ နာရေးအခမ်းအနားသို့  တက်ရောက်လာသည့် LGBT များကလည်း ၎င်းတို့ ရင်ဘတ်ပေါ် တွင် အဆိုပါအမှတ်တံဆိပ် ရင် ထိုးများ ဆင်မြန်းထားသည်။

မောင်ကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူး တာဝန်ထမ်းဆောင်သူဖြစ်သည်။ သူသည် မိမိကိုယ်ကိုယ် LGBT တစ်ဦးဖြစ်သည်ကို  မိသားစုဝင် များကို အသိပေးခြင်းမရှိခဲ့ပေ။

သို့သော် ၎င်း၏ လုပ်ငန်းခွင် အစည်းအဝေးတစ်ခုအပြီးတွင်  LGBT တစ်ဦးဖြစ်ကြောင်း ၀န်ခံ ချက်ရရှိအောင် အထက်လူကြီးက အကျပ်ကိုင်မေးမြန်းခဲ့ကြောင်း  မောင်ကျော်ဇင်ဝင်းက၎င်းမကွယ် လွန်မီတွင် လူမှုစာမျက်နှာ၌ ရေး သားခဲ့သည်။ LGBT တစ်ဦးအဖြစ် ၀န်ခံခဲ့သည့်နောက် လုပ်ဖော်ကိုင် ဖက်များ စုစည်းပါဝင်သည့် Viber Group တွင်  လိင်စိတ်တိမ်း ညွတ်မှုနှင့်ပတ်သက်၍ ခွဲခြား နှိမ့်ချဆက်ဆံသည့် ပြောဆိုရေး  သားမှုများကို မောင်ကျော်ဇင်ဝင်း တွေ့ကြုံခံစားခဲ့ရသည်။

‘‘ကျွန်တော့်ကို အဲဒီ negative feedback တွေမြင်စေခဲ့ပါ တယ်။ ဒါပေမဲ့ MD ဆီ Report  ရောက်တဲ့အခါ ကျွန်တော့်ကို အဲ ဒီလို Personal Attack ဆန်ဆန် Feedback က ပြုတ်ကျန်ခဲ့ပါ တယ်။ ဘာလို့လဲဆိုတော့ ကာယ ကံရှင်ပဲသိမှာပါ’’ ဟု မောင်ကျော် ဇင်ဝင်းက မသေဆုံးမီ ရေးသားခဲ့ သည်။

သူသည် ဇွန်လ ၂၃ ရက်၌ နံနက်နှင့် ညပိုင်းတွင် အဘွား ဖြစ်သူကို ၎င်းနှင့်ခွဲခွာရမည့်အ ကြောင်းများ ထူးခြားစွာပြောဆိုခဲ့ သည်ဟု နာရေးကို ကူညီဆောင် ရွက်နေသည့် မိသားစုနှင့်နီးစပ် သူ ကိုပြည့်စုံကြွယ်ကပြောသည်။ သေဆုံးသူသည် အဘွား၊ ဦး လေး၊ ညီမဖြစ်သူတို့နှင့်အတူ  သာကေတမြို့နယ်တွင် နေထိုင် သည်။

မောင်ကျော်ဇင်ဝင်းသည် ၎င်း၏လုပ်ငန်းခွင်အတွင်း နှိမ့်ချ ဆက်ဆံခံရပုံများကို Viber စခ ရင်ရှော့ခ်များနှင့်အတူ ဇွန်လ ၂၃ ရက် နံနက်တွင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရင်ဖွင့်ရေးသားခဲ့ သည်။ ည ၁၀ နာရီခွဲခန့်တွင် အိပ် ရာဝင်ပြီး ဇွန်လ ၂၄ ရက်  နံနက် ၁၀ နာရီတွင် အတူနေဦးလေးဖြစ် သူက သွားရောက်ခေါ်နှိုးစဉ် တုံ့ ပြန်မှုမရသဖြင့် စံပြဆေးရုံသို့  ပို့ ဆောင်ခဲ့ရသည်ဟု ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

ကွယ်လွန်သူသည် မသေ ဆုံးမီက ‘သား ကြိုးစားခဲ့ပါသေး တယ်။ ဘယ်လိုမှ ခုခံနိုင်စွမ်းမရှိ တော့လို့ပါ။ အဘွားနဲ့ အန်တီကို လည်းသားချစ်ပါတယ်။ ပြီးတော့ သားဒါတွေသောက်ဖို့ အရမ်း ကြောက်နေခဲ့တယ်။ ဒါပေမဲ့ လူ တွေကို ပိုကြောက်တဲ့အတွက် အခုလို လုပ်လိုက်ရတာပါ။ သား ကို နားလည်ပေးပါနော်။ စိတ် မဆိုးပါနဲ့’ ဟု ရေးသားခဲ့သဖြင့် သေဆုံးနိုင်သောဆေးဝါး တစ်ခုခု ကို သောက်သုံးခဲ့သည်ဟု  မိသား စုဝင်များနှင့် ရင်းနှီးသူတို့က  မှတ် ချက်ပြုသည်။

မောင်ကျော်ဇင်ဝင်းသည် ဇွန်လ ၂၄ ရက် နေ့လယ် ၁ နာရီ တွင် စံပြဆေးရုံ၌ ကွယ်လွန်ခဲ့ သည်။

ရင်ခွဲစစ်ဆေးမှုများအရ ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် ဆေးစစ်ချက်ရရှိရန် ဓာတုဗေဒ စစ်ဆေးရေးဌာနတွင် အဖြေ တောင်းခံထားကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့က ဇွန်လ ၂၆ ရက် ၌ ထုတ်ပြန်သည်။

၎င်းကို ဇွန်လ ၂၆ ရက် ည နေ ၄ နာရီခွဲတွင် ကျီစုသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။ မိသားစုဝင်  များ၊ LGBT ထောက်ခံသူများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ MIU ကျောင်းတာဝန်ရှိသူအချို့ နှင့် LGBT အရေးလှုပ်ရှားဆောင် ရွက်နေသည့် အဖွဲ့အစည်းများ အပါအ၀င်  လူဦးရေ ၄၀၀ ခန့် လိုက်ပါပို့ဆောင်ခဲ့သည်။

LGBT ၀န်းရံသူများသည် မောင်ကျော်ဇင်ဝင်းကို ၎င်းတို့ နယ်ပယ်၌  အာဇာနည်အဖြစ် သတ်မှတ်ဂုဏ်ပြုကြောင်း ကြေ ညာပြီး နှစ်မိနစ်ခန့် ငြိမ်သက်၍  ဂုဏ်ပြုခဲ့သည်။ MIU ကျောင်းမှ  တာဝန်ရှိသူသည် အဆိုပါနာရေး တွင် အမိန့်စာကို တိုးတိုးနှင့် မြန် မြန်ဖတ်၍ ပြန်လည်ထွက်ခွာသွား သည်။

လုပ်ငန်းခွင်အတွင်း ဖြစ်ပွား ခဲ့သည့် ကိစ္စရပ်များ ( လိင်စိတ် တိမ်းညွတ်မှုအပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း) နှင့်ပတ်သက်၍ စုံ စမ်း စစ်ဆေးမည်ဖြစ်ပြီး အဆိုပါ ကိစ္စရပ်တွင် ပါဝင်ပတ်သက်သူ ဟု ယူဆရသူ သုံးဦးကို အလုပ်မှ ယာယီရပ်နားထားကြောင်း၊ ဥပ ဒေအတိုင်း တရားစီရင်နိုင်ရန် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း MIU ကျောင်းက သတင်းထုတ်ပြန်ထားသည်။

‘‘ခွဲခြားဆက်ဆံခံရတဲ့အ တွက် စိတ်ဓာတ်ကျတယ်။ အ သက်အန္တရာယ်ဖြစ်သွားတဲ့အထိ ကို ထိခိုက်သွားစေတယ်ဆိုရင် ဘယ်သူ့ကို အပြစ်တင်မှာလဲ။ တ ရားစွဲဆိုချင်တယ်ဆိုတာက နစ် နာတဲ့လူနဲ့  ကာယကံရှင်အသိုင်း အ၀ိုင်းကတော့ သိပ်ကြေကွဲဝမ်း နည်းဖွယ်ကောင်းတာ မှန်ပါ တယ်။ သို့တိုင်အောင် သက်သေ အထောက်အထားနဲ့ တရားဥပဒေ အရ အရေးယူနိုင်ခြင်းမရှိဘူးလို့ တော့ဆိုနိုင်မှာမဟုတ်ဘူး။ အ နည်းဆုံး တရားမနစ်နာမှုနဲ့တော့ အရေးယူတာတွေ ရှိကောင်းရှိနိုင် တယ်’’ဟု တရားလွှတ်တော်ရှေ့ နေဦးကျော်ငြိမ်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အင်တာနက်ပေါ်တွင် ဖိအားပေး နေခြင်းထက် သက်ဆိုင်ရာက စုံ စမ်းစစ်ဆေးပြီး အရေးယူမှုများပြု လုပ်ပေးအောင် ဆောင်ရွက်ခြင်း က  ပိုမိုကောင်းမွန်ကြောင်း၊ နောက်ထပ်အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန် လုပ်ငန်း ခွင်ခွဲခြားဆက်ဆံမှုမရှိရေး၊ အနိုင် ကျင့်မှု ပပျောက်ရေးအတွက်  အလုပ်ခွင်တိုင်းက ပညာပေးလုပ် ငန်းများလုပ်ဆောင်ခြင်း၊ ပေါ်လ စီများချမှတ်ခြင်း ပြုလုပ်သင့် ကြောင်း နည်းပညာဆိုင်ရာအရပ် ဘက်အဖွဲ့အစည်း MIDO မှ မရတနာကပြောသည်။

လက်ရှိအချိန်၌ မောင် ကျော်ဇင်ဝင်း သေဆုံးမှုကို တိုင် ကြားမှုရှိလာသဖြင့် ဇွန်လ  ၂၈ ရက်ကစတင်ကာ စုံစမ်းစစ်ဆေး မည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

LGBT အခွင့်အရေးလှုပ် ရှားသူများနှင့် မောင်ကျော်ဇင် ၀င်းကို ၀န်းရံသူများသည် ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍  တရားဥပ ဒေအရ အရေးယူနိုင်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်း များ ဆွေးနွေးတိုင်ပင်နေသည်ဟု အမည်မဖော်လိုသည့် LGBT တစ်ဦးကပြော သည်။

LGBT များသည် ကိုယ်တိုင် ကြိုက်နှစ်သက်သဖြင့် အဆိုပါ ဘ၀ကို ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ  ဖြစ်လာ၍  လက်ခံလိုက်ရခြင်းသာ ဖြစ်ကြောင်း၊ လူမှုပတ်ဝန်းကျင် က အဆိုပါကိစ္စကို မည်သည့် အတွက်ကြောင့် လက်မခံနိုင်ဖြစ် နေသည်ကို သိရှိလိုကြောင်း LGBT တစ်ဦးဖြစ်သည့်အန်တီမြင့် က မေးခွန်းထုတ်ခဲ့သည်။

LGBT တစ်ဦးအဖြစ်ဝန်ခံ ထားသည့် အသက် (၁၈) နှစ်အ ရွယ် မောင်ဇင်မင်းကိုကိုက ၎င်း အနေဖြင့် အသက် (၁၆) နှစ်အ ရွယ်ကစတင်၍ LGBT ဖြစ်နေ သည်ကို သတိပြုမိခဲ့ကြောင်း၊ ပထမအစပိုင်းတွင် LGBT ဖြစ် ကြောင်း ပတ်ဝန်းကျင်ကို အသိ ပေးရန် ကြောက်ရွံ့နေခဲ့သော် လည်း LGBT အရေးလှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အ စည်းများနှင့် ချိတ်ဆက်မိသည့် အခါတွင် အသိပေးကြေညာရန် ခွန်အားဖြစ်စေခဲ့ကြောင်း ပြော သည်။ LGBT အဖြစ် ခွဲခြားဆက်ဆံ ခံရ၍ အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားသူများအတွက် စိတ်မ ကောင်းဖြစ်မိကြောင်းနှင့် LGBT အဖြစ် ရဲဝံ့စွာရပ်တည်နိုင်ရန် အ သင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ခွန်အားရယူသင့်ကြောင်း ၎င်းက  အကြံပြုသည်။

No comments:

Post a Comment