Friday, June 28, 2019

KIO မူးယစ်ထုတ်ပြန်ချက်နှင့် ကုလအစီရင်ခံစာ အချက်အလက်ကွာခြားခြင်းသည် လေ့လာပုံနှင့် အချိန်ကာလ မတူညီမှုကြောင့်ဟုဆို

ကချင်လက်နက်ကိုင် အဖွဲ့ ( KIO) ၏ မူးယစ်ဆေးဝါး ဆိုင်ရာထုတ်ပြန်ချက်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ယမန်နှစ်က ထုတ်ပြန်သော အစီရင်ခံစာပါ အချက်အလက် ကွာခြားခြင်းသည် လေ့လာပုံ နည်းလမ်းနှင့် အချိန်ကာလ မတူညီမှုတို့ကြောင့် ဖြစ်ကြောင်း UNODC က ဇွန်လ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သော KIO ၏ မူးယစ်ဆေးဝါးလေ့ လာမှုနှင့် စပ်လျဉ်း၍ UNODCက ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။



ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၉ မြို့နယ်တွင် မြေပြင်လေ့လာမှုများကို ၂၀၁၈-၁၉ ဘိန်းစိုက်ရာ သီအတွင်းပြုလုပ်ကာ ကချင်ပြည်နယ်၌ ဘိန်းစိုက်ခင်းဟက်တာ ၆,၉၁၈ ဒသမ ၂၃ ရှိကြောင်း တွေ့ရှိရာ UNODCက ၎င်းတို့၏ ၂၀၁၈ မြန်မာ့ဘိန်းလေ့လာမှု၌ ခန့်မှန်းဖော်ပြထား သောပမာဏ၏ နှစ်ဆဖြစ်နေ ကြောင်း ကချင်လက်နက်ကိုင် အဖွဲ့(KIO)၏ မူးယစ်ဆေးဝါး ကင်းစင်ရေးကော်မတီက ထုတ်ပြန်သည်။

အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအောက်ရှိဒေသများတွင် ဘိန်း စိုက်ပျိုးမှုကို သိပ်သည်းမှု မြင့်မား စွာ တွေ့ရသည်ဆိုသော UNODC ၏ စွပ်စွဲမှုနှင့် ၎င်းတို့ ကော်မတီ၏ လေ့လာမှုအရ ပြောင်းပြန်ဖြစ်နေ သည်ဟု KIO က ဆိုသည်။ ဘိန်းစိုက်ပျိုးမှု အားလုံးသည် တပ်မတော် ထိန်းချုပ်ထားသော နယ်မြေများ၌ ရှိနေကြောင်း KIO မူးယစ်ဆေးဝါးကင်းစင်ရေး ကော်မတီက ပြန်လည် စွပ်စွဲထားသည်။

‘‘KIO ရဲ့ လေ့လာမှုကို ကျွန်တော်တို့ လေ့လာကြည့်ထားပြီး ပြီ။ အဲဒါဟာ လုံးဝ ခြားနားတဲ့ အချက်လက် ရယူစုဆောင်းမှု နှစ်ခုဖြစ်ပြီး ဖော်ပြတဲ့ ကာလတွေနဲ့လေ့လာပုံ နည်းလမ်းတွေခြားနား ပါတယ်’’ ဟု UNODC က ယမန်နေ့တွင် ကြေညာသည်။ UNODCက ဇန်န၀ါရီတွင်ထုတ်ပြန်သော ၎င်းတို့၏ ‘၂၀၁၈ မြန်မာ့ဘိန်းလေ့ လာမှု’၌ ဘိန်းစိုက်ခင်း ဟက်တာ၃,၄၀၀ ခန့်ရှိကြောင်း ဖော်ပြခဲ့ သည်။

KIO ၏ လေ့လာမှုသည် ၂၀၁၈ ဒီဇင်ဘာနှင့်  ၂၀၁၉ မတ်လအကြား ဘိန်းစိုက်ချိန်တွင် အချက်အလက်များ ရယူခြင်းဖြစ်ကာ UNODC ၏  ‘၂၀၁၈ မြန်မာဘိန်းစိုက်ပျိုးမှု လေ့လာမှု’ သည်  ၂၀၁၇ဒီဇင်ဘာနှင့်၂၀၁၈ မတ်လအကြားဘိန်းစိုက်ချိန်၌ အချက်အလက်ရယူခဲ့ကြောင်း UNODC က တုံ့ပြန်သည်။

၂၀၁၈ ဒီဇင်ဘာနှင့် ၂၀၁၉ မတ်လကြားကာလ အခြေအနေကို  ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည့်  ‘၂၀၁၉ မြန်မာဘိန်းစိုက်ပျိုးမှု လေ့လာမှု’၌ ပါဝင်မည်ဖြစ် ကြောင်း UNODC က ကြေညာ သည်။

‘‘လေ့လာမှုတွေ အကြား ကွာခြားမှု ဟာ အမှီအခိုကင်းပြီး ပညာရှင်အချင်းချင်း ပြန်သုံးသပ်ထား တဲ့၊ ကုလသမဂ္ဂလေ့လာမှု လိုအပ်တဲ့ အကြောင်းအရင်း အသေအချာပဲ ဖြစ်ပါတယ်’’ ဟု UNODC ၏ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

UNODC က ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို တိုင်းတာရာတွင် အရည်အသွေးမြင့် ဂြိုဟ်တုပုံရိပ်များ သုံးသကဲ့သို့ဝန်ထမ်းများ ကွင်းဆင်းတိုင်းတာခြင်း၊ ဘိန်းစိုက်ပျိုးရခြင်းနှင့် စီးပွားရေး၊ လူမှုရေး အခြေအနေများကို မေးမြန်းသည့် လူမှုစီးပွားရေးဆိုင်ရာစစ်တမ်းကောက်ယူခြင်းစသည့်နည်း လမ်းများဖြင့်  ပြုလုပ်ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr.Troels Vester က ယမန်နှစ်တွင် 7Day Daily သတင်းစာအား ပြောကြားထားသည်။

KIO  မူးယစ် ဆေးဝါးကင်းစင်ရေး ကော်မတီက မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးပြဿနာများ အား ပိုမိုနက်ရှိုင်းစွာလေ့လာရန် UNODC နှင့်အခြား နိုင်ငံတကာအေဂျင်စီများကို တိုက်တွန်းထား သည်။ KIO ကမူ မူးယစ်ဆေးဝါး လေ့လာမှုဆိုင်ရာ အစီရင်ခံစာ အတွက် အချက်အလက်ကောက် ယူမှုကို လူ ၂၆၀ ကျော် အသုံးပြုခဲ့ကြောင်း ၎င်းတို့၏အစီရင်ခံ စာက ဆိုသည်။

KIO ၏ မူးယစ်ဆေးဝါးဆိုင် ရာ အစီရင်ခံစာ ထုတ်ပြန်မှုနှင့်  ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးလိုခြင်း မရှိကြောင်းနှင့်တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ယခင်ကာလများ ကတည်းက လုပ်ဆောင်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

No comments:

Post a Comment