Friday, June 28, 2019

စပိန်သို့ ဘရာဇီးသမ္မတနဲ့အတူ ရောက်လာတဲ့ ကိုယ်ရံတော်အဖွဲ့ဝင်အရာရှိ ကိုကင်းအိတ်ကြီး ၃ အိတ် သယ်လာသဖြင့် အဖမ်းခံရ

စပိန်နိုင်ငံ ဆီဗီးလ်မြို့မှာ ဘရာဇီးသမ္မတနဲ့အတူ ရောက်လာတဲ့ သမ္မတကိုယ်ရံတော်အဖွဲ့မှ လေတပ်အရာရှိတစ်ဦးကို ကိုကင်းအိတ်ကြီး ၃ အိတ်နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေက ဇွန် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ တပ်ကြပ်ကြီးအဆင့်ရှိ အဆိုပါလေတပ်သားဟာ G 20 အစည်းအဝေးသို့ သွားနေတဲ့ ဘရာဇီးသမ္မတ ဆီဗီးလ်မြို့မှာ ခရီးတစ်ထောက်မနားမီ ကြိုတင်ရောက်နှင့်နေတဲ့ စောင့်ကြပ်ရေးအဖွဲ့မှဖြစ်ပြီး လေဆိပ်မှာတင် ကိုကင်းအိတ်များနဲ့အတူ အဖမ်းခံခဲ့ရပါတယ်။



သိမ်းဆည်းရမိတဲ့ ကိုကင်းပမာဏဟာ ၃၉ ကီလို(၈၆ ပေါင်) အထိ ရှိပြီး ခရီးဆောင်အိတ် ၃ လုံးဖြင့် ခွဲသယ်လာခြင်းဖြစ်ကြောင်း၊ အင်္ဂါနေ့ညပိုင်းမှာ တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စပိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သမ္မတမရောက်မီ စပိန်သို့ ကြိုတင်သွားနှင့်ပြီး စောင့်ကြပ်နေရစ်ခဲ့မယ့်အဖွဲ့မှာ ပါဝင်ရန်၊ အိုဆာကာ G20 အစည်းအဝေးအပြီး သမ္မတရဲ့အပြန်ခရီးကျမှ ပင်မအဖွဲ့နဲ့ပြန်ပူးပေါင်းပြီး လိုက်ပါလာရန် ထိုလေတပ်အရာရှိကို တာဝန်ချထားကြောင်း ဘရာဇီးဒုသမ္မတက ပြောပါတယ်။

“ကိုကင်းပမာဏဟာ များလွန်းတဲ့အတွက် လမ်းဘေးကနေ ဝယ်ပြီး သယ်လာတာမဟုတ်ပဲ ကယ်ရီ ပို့ပေးနေတာပဲ ဖြစ်ရမယ်”လို့ ဒုသမ္မတက ဖြည့်စွက်ပြောကြားပါတယ်။

ယခုမူးယစ်ဆေးအမှုအတွက် တပ်ထိန်းများက စုံစမ်းစစ်ဆေးမည်ဟု ဘရာဇီးကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လက်ရှိမှာတော့ ၄င်းလေတပ်အရာရှိကို စပိန်ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

No comments:

Post a Comment