Friday, June 28, 2019

ပလက်ဝဒေသအတွင်းသို့ AA တပ်ဖွဲ့ဝင်များ ၀င်ရောက်လာသည့် အချိန်မှစတင်ကာ တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားလာခဲ့သည် ဟုဆို

ချင်းပြည်နယ် ပလက်ဝဒေသတွင်းသို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တပ်ဖွဲ့ဝင်များ ၀င်ရောက် အခြချလာသည့်အချိန်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး တည်ငြိမ်အေးချမ်းမှုများလည်း ပျက်ပြားလာခဲ့သည်ဟု ယနေ့ ရက်စွဲဖြင့်ထုတ်ပြန်သော စစ်ဘေးရှောင် ချင်းတိုင်းရင်းသားများအရေး လှုပ်ရှားမှုကော်မတီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။ တိုက်ပွဲများကို အကြောင်းပြု၍ ပြည်သူများမှာ မတရား ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းနှင့် စားနပ်ရိက္ခာ လုယက်ခံရခြင်း စသည်တို့ကို ကြုံတွေ့ရသည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။



`အထူးသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် AA တပ်ဖွဲ့များ စတင်ဝင်ရောက် အခြေချခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဒေသတွင်း တည်ငြိမ်းအေးချမ်းမှု စတင်ပျက်ပြားလာခဲ့ပြီး၊ ဒေသခံ ချင်းတိုင်းရင်းသားများ၏ အသက်အိုးအိမ် မလုံခြုံမှုများ စတင်ခံစားလာခဲ့ကြောင်း သိရှိရသဖြင့် များစွာ စိတ်မကောင်းဖြစ်ရသည်` ဟု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

စစ်ဘေးရှောင် ချင်းတိုင်းရင်းသားများအရေး လှုပ်ရှားမှုကော်မတီမှ ဦးဆောင်အဖွဲ့ဝင် မအိစန္ဒာမာန်ကလည်း AA တပ်ဖွဲ့ဝင်များ ၀င်ရောက်လာမှ ပလက်ဝဒေသအတွင်း၌ မတည်ငြိမ်မှုများ ပေါ်ပေါက်လာရသည်ဟု The Ladies News သို့ပြောကြားသည်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကတည်းက AA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ်၊ ကင်းတလင် ကျေးရွာမှ ချင်းတိုင်းရင်းသား ၅၂ ဦးကို ယခုအထိ ပြန်မလွတ်ပေးသည့်အတွက် များစွာစိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် AA တပ်ဖွဲ့အနေဖြင့် ကင်းတလင်း ရွာ၊ ရွာသား ၅၂ ဦးနှင့် ဆုထူးစံကုမ္ပဏီမှ ၀န်းထမ်း ၈ ဦး တို့အား အမြန်းဆုံး ပြန်လွတ်ပေးရန်လည်း တောင်းဆိုထားသည်။

မအိစန္ဒာမာန်က `အမြန်းဆုံးပြန်ပြီးလွှတ်ပေးဖို့ပေါ့ သူတို့နဲ့ မဆိုင်ဘူး။ ပြောရရင် သူတို့က မြေစာပင်တွေပါ။ အဲဒီအခါကျတော့ statement ဖေါ်ပြထားတဲ့ အတိုင်းပါပဲ` ဟု ပြောကြားသည်။

နိုင်ငံတ်ာအစိုးရအနေဖြင့် ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်ပေးရန်နှင့် AA လက်နက်ကိုင် အဖွဲ့အနေဖြင့်လည်း ပလက်ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိခိုက်ပျက်စီးစေမည့် ပစ်ခတ်တိုက်ခိုက်ခြင်း လုံးဝမပြုလုပ်ရန်လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ် နည်းတူ အင်တာနက် ၀န်ဆောင်မှုများ ရပ်ဆိုင်းခြင်း ကို ခံထားရသည့်။ ထို့အတွက်ကြောင့် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးရန်ကိုလည်း မအိစန္ဒာမာန်က တောင်းဆိုသည်။

တိုက်ပွဲများကြောင့် ချင်းတိုင်းရင်းသားများ မြေစာပင်ဖြစ်နေသည့် အကြာင်းကိုလည်း လာမည့် ဇူလိုင်လ ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖေါ်မည်ဟု မအိစန္ဒာမာန်က ပြောကြားသည်။

`ပြည်သူတွေကြားထဲမှာ မြေစာပင်ဖြစ်နေရတယ် ဆိုတဲ့အကြောင်းတွေကို ချင်ပြည်နယ်မှာ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ပြည်သူတွေကလည်း သိပ်မသိကြဘူးပေါ့နော်။ ပြဿနာဖြစ်နေတာက တပ်မတော်နဲ့ AA ။ အဲဒီကြားထဲမှာ ချင်းတိုင်းရင်းသားတွေက မြေစာပင်ဖြစ်နေတယ်။ အဲဒါကို ကျွန်မတို့က လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ငြိမ်းချမ်းစွာဖေါ်ထုတ်ဖို့ အစီအစဉ်ရှိတယ်` ဟု ဆိုသည်။

လတ်တလောတွင် ပလက်ဝဒေသ၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ လေးထာင်ခန့် ရှိနေကြောင်းလည်း သိရသည်။

No comments:

Post a Comment