Friday, June 28, 2019

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၃ ခုကို အနက်အဓိပ္ပာယ်ဖွင့်ရန် ကြံ့ခိုင်ရေးပါတီက ဦးဆောင်၍ ခုံရုံးလျှောက်ထား

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၃ ခုကို အနက်အဓိပ္ပာယ်ဖွင့်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးဦးဆောင်၍ လွှတ်တော်အမတ် ၂၅ ဦးက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသို့ လျှောက်ထားကြောင်း သိရှိရသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ နည်းဥပဒေ(၁၇) အရ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးပါ (၂၅)ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနစ်) ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်အညီ နည်းလမ်းတကျ တင်သွင်းလာသည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးပါရန် တင်သွင်းလာသည့် တင်သွင်းလွှာအမှတ် ၁/၂၀၁၉ တင်သွင်းခဲ့ကြောင်း၊ ယင်းတင်သွင်းမှုတွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရှိရသည်။



ထိုသို့ လျှောက်ထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ဇွန်လ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နာယက၏ တာဝန်ပေးချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၌ လျှောက်လဲချက်ပေးခဲ့ကြောင်း သိရှိရသည်။

"သူတို့ဘက်က အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ လျှောက်ထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က သွားပြီး လျှောက်လဲချက်ပေးတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း သွားရောက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုပေးတယ်လို့ သိရပါတယ်။ ဒါကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုက်ရိုက်ကြီးတော့ မသက်ဆိုင်ပါဘူး" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

NLD ပါတီက ဦးဆောင်၍ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိပြီး တပ်မတော်နှင့်ကြံ့ခိုင်ရေးပါတီက NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံဥပဒေ အတိုင်းဆောင်ရွက်ရန် ကန့် ကွက်လျက်ရှိသည်။

No comments:

Post a Comment