Friday, June 28, 2019

ပါရာဂွေးကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်နိုင်ပြီး ဘရာဇီး ကိုပါဖလား ဆီမီးတက်

ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်အဖြစ် နာမည်ကြီး ဘရာဇီးနဲ့ ပါရာဂွေးအသင်းတို့ ဒီနေ့မနက်က ယှဉ်ပြိုင်ရာ ပွဲကစားချိန် မိနစ် ၉၀ မှာ ဂိုးမရှိသရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ဘရာဇီးက လေးဂိုး သုံးဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ ဘရာဇီးအသင်းဟာ ဖာမီနို၊ ဂျေဆူး၊ ကော်တင်ဟို တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းရာမှာလည်း အသာရခဲ့ပေမယ့် တိုက်စစ်မှူးတွေ ကန်သွင်းချက် လွဲချော်တာ၊ ပါရာဂွေး ဂိုးသမားနဲ့ နောက်တန်း ဖျက်ထုတ်နိုင်တာတွေကြောင့် ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။



ဒါ့အပြင် ပွဲချိန် ၅၈ မိနစ်မှာ ပါရာဂွေး နောက်ခံလူ ဘယ်လ်ဘူနာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရလို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပေမယ့် ဘရာဇီးအသင်း အခွင့်အရေး အသုံးမချနိုင်ခဲ့ပါဘူး။

ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်လို့ အချိန်ပိုမကစားဘဲ ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ရပါတယ်။

ပယ်နယ်တီ ကန်သွင်းရာမှာတော့ ဘရာဇီးက လေးဂိုး သွင်းယူနိုင်ပြီး ပါရာဂွေးက သုံးဂိုးပဲရတဲ့အတွက် ဘရာဇီး ဆီမီးဖိုင်နယ် တက်ရောက်သွားတာ ဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာ ကွာတားဖိုင်နယ်ပွဲစဉ် နှစ်ပွဲ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပထမပွဲစဉ်အဖြစ် ဗင်နီဇွဲလားနဲ့ အာဂျင်တီးနား၊ ဒုတိယပွဲစဉ်အဖြစ် ကိုလံဘီယာနဲ့ ချီလီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment