Friday, June 28, 2019

တရုတ်စစ်တပ်အတွက် သုတေသန လုပ်ပေးခဲ့ခြင်း မရှိဟု ဟွာဝေး တရားရေးအရာရှိချုပ် ပြော

ဟွာဝေး နည်းပညာကုမ္ပဏီက တရုတ်စစ်တပ်အတွက် သုတေသန လုပ်ပေးတာ ဒါမှမဟုတ် ဖောက်သည်စိတ်ကြိုက် ကုန်စည်ထုတ်လုပ်ပေးတာတွေ မလုပ်ခဲ့ဘူးလို့ ဟွာဝေးရဲ့ တရားရေးအရာရှိချုပ် စုန့်လျို့ဖျင်က ဇွန်လ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဟွာဝေးကုမ္ပဏီဝန်ထမ်းတွေဟာ တရုတ်စစ်တပ် အရာရှိတွေနဲ့အတူ သုတေသနစီမံကိန်း ဆယ်ခုထက်မနည်း လုပ်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ကြာသပတေးနေ့မနက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ မကြာခင်မှာပဲ စုန့်လျို့ဖျင်က ရှန်းကျန်းမြို့က ဟွာဝေးဌာနချုပ်ကနေ ခုလို တုံပြန်လိုက်တာပါ။



ဟွာဝေးဝန်ထမ်းတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က အစိတ်အပိုင်း အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ဝင်တွေနဲ့အတူ မှတ်ဉာဏ်တုနည်းပညာကနေ ရေဒီယိုဆက်သွယ်ရေးအထိ စီမံကိန်းတွေမှာ အတူပါဝင် ဆောင်ရွက်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ်က ပြောပါတယ်။

စုန့်ကတော့ ဟွာဝေးဟာ ရည်ညွှန်းထားတဲ့ ပူးပေါင်းလုပ်ဆောင်ချက်တွေကို မသိဘူးလို့ ပြောပါတယ်။

ဟွာဝေးရဲ့ routers, switches နဲ့ တခြားပစ္စည်းတွေဟာ အမေရိကန် ဆက်သွယ်ရေးအပေါ် တရုတ်က သူလျှိုလုပ်ခွင့် ပြုနိုင်တယ်လို့ အမေရိကန်က စွပ်စွဲအပြီး တနှစ်ကျော်ကြာအောင် စေ့စေ့စပ်စပ် အစစ်ခံနေရပါတယ်။ သူ့ကုန်စည်တွေက လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုတဲ့ စွဲချက်ကို ဟွာဝေးက ငြင်းပါတယ်။

ဟွာဝေးဟာ အမေရိကန်အခြေစိုက် ဗီရိုင်းဇုန်နဲ့ မူပိုင်ခွင့်အရေး ဆွေးနွေးနေကျဖြစ်ပြီး ဒါမျိုး ညှိနှိုင်းမှုတွေကို နိုင်ငံရေးအရ အသုံးမချသင့်ဘူးလို့ စုန့်က ပြောခဲ့ပါတယ်။

No comments:

Post a Comment