Friday, July 12, 2019

ငွေစာရင်းတစ်ခုအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသဖြင့် ဝန်ဆောင်မှု ယာယီ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက် မပြုမချင်း ငွေစာရင်းပိုင်ရှင်ကို ဝန်ဆောင်မှု ဆက်ပေးမည်ဟု ဧရာဝတီဘဏ် ထုတ်ပြန်

ငွေစာရင်းတစ်ခုအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသဖြင့် ဝန်ဆောင်မှု ယာယီ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက်မပြုမချင်း ငွေစာရင်းပိုင်ရှင်ကို ဝန်ဆောင်မှု ဆက်ပေးမည်ဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ဇူလိုင် ၁၂ ရက် ဝ၀ နာရီ ၃၀ မိနစ်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဝန်ဆောင်မှု ယာယီရပ်ဆိုင်းခံရသည့် ငွေစာရင်းအကောင့်မှာ မည်သည့်အကောင့် ဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။



ဧရာဝတီဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ ငွေစာရင်းအား ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသည့်အတွက် ဝန်ဆောင်မှု ယာယီ ဆိုင်းငံ့ခဲ့ရကြောင်း၊ ယင်းကိစ္စအပေါ် အထူးအလေးထား၍ ဧရာဝတီဘဏ် အုပ်ချုပ်မှုအဖွဲ့မှ ဘဏ်၏ လုပ်ထုံး လုပ်နည်းများကို ပြန်လည် စိစစ်ဆွေးနွေး တိုင်ပင်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက် မပြုမချင်း ယုံကြည်စွာ အပ်နှံထားသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မှု ဆက်လက် ပေးသွားရန် ဆုံးဖြတ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ လူကြီးမင်းတို့ ယုံကြည်စွာ အပ်နှံထားသောငွေများ ဆုံးရှူံးမှု မရှိစေရေးအတွက် ဧရာဝတီဘဏ်အနေဖြင့် အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အများပြည်သူများ အနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ပေါ်မှု၊ စိုးရိမ်ပူပန်ရမှုများ ကြားသိရသည့်အတွက် ဘဏ်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

နေပြည်တော်ရှိ Wisdom Hill ကျောင်းမှ ကလေးငယ် လိင်အကြမ်းဖက်ခံရခြင်းနှင့် ပတ်သက်ပြီး ငွေကြေး လှူဒါန်းထားသူများ၏ ငွေကြေးများကို လက်ခံနေသည့် ငွေစာရင်း အကောင့်တစ်ခုမှာ ဝန်ဆောင်မှု ရပ်ဆိုင်းခံရကြောင်း လူမှုကွန်ရက် Facebook ရှိ Jessica Mozart အကောင့်မှ တင်ခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းခံရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီဘဏ်၏ လူမှုကွန်ရက် စာမျက်နှာအောက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။

No comments:

Post a Comment