Friday, July 12, 2019

တရားမဝင် မော်တော်ဆိုင်ကယ် စီးနင်းသူများအား အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိဟုဆို

မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများ၊ ဒုစရိုက်မှု ကျူးလွန်မှုများ လျော့နည်းကျဆင်းရေး အတွက် တရားမဝင် မော်တော်ဆိုင်ကယ် စီးနင်းသူများအား အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကဇူလိုင် ၁၁ ရက်တွင် ပြောသည်။



ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးငြိမ်းချမ်းအောင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့် မြို့နယ်(၂)ခုမှ အပ အခြားမြို့နယ်များတွင် တရားမဝင် မော်တော်ဆိုင်ကယ်များ စီးနင်းမှု မပြုလုပ်စေရေး ထိန်းသိမ်းရန် ဆောင်ရွက်မည့် အစီအစဉ် ရှိ၊မရှိ၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် မော်တော်ဆိုင်ကယ် နှင့် ပတ်သက်၍ ယာဉ်တိုက်ခိုက်မှု မည်မျှဖြစ်ပွားခဲ့သည်နှင့် မော်တော်ဆိုင်ကယ် အသုံးပြု၍ ဒုစရိုက်မှု ကျူးလွန်ခြင်းများ မည်မျှဖြစ်ပွားခဲ့သည် တို့ကို သိရှိလိုကြောင်း မေးမြန်းမှုအားပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၄၅) မြို့နယ် ရှိပါကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသော မြို့နယ်ပေါင်း (၁၄) မြို့နယ်ရှိပြီး စီးနင်းခွင့်မပြုသည့် မြို့နယ်ပေါင်း(၃၁) မြို့နယ် ရှိကြောင်း၊ ခရိုင်အလိုက် စီးနင်းခွင့်မပြုသည့် မြို့နယ်ပေါင်းမှာ အရှေ့ပိုင်းခရိုင်တွင် (၁၄)မြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် (၁၃) မြို့နယ် နှင့် မြောက်ပိုင်းခရိုင်တွင် (၄) မြို့နယ်ရှိကြောင်း၊ စီးနင်းခွင့်မပြုသည့် မြို့နယ် (၃၁)မြို့နယ်တွင် မော်တော်ဆိုင်ကယ်များ စီးနင်းခြင်းမပြုစေရေးအတွက် ပညာပေး ဟောပြောပွဲများတွင် ထည့်သွင်း ဟောပြောထားရှိပြီး လိုက်နာမှုမရှိသော မော်တော်ဆိုင်ကယ် စီးနင်းသူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ၁.၁.၂၀၁၈ရက်နေ့မှ ၃၁.၁၂.၂၀၁၈ ရက်နေ့ အထိ မော်တော်ဆိုင်ကယ်အစီးရေ (၄၇၆၆) စီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ၁.၁.၂၀၁၉ ရက်နေ့မှ ၃၁.၅.၂၀၁၉ ရက်နေ့ အထိ မော်တော်ဆိုင်ကယ် အစီးရေ (၃၄၅၂) စီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ စုစုပေါင်း အရေးယူမှု (၈၂၁၈) စီးရှိကြောင်း၊ စီးနင်းခွင့်မရှိသော မြို့နယ်များအတွင်း မော်တော်ဆိုင်ကယ်များ စီးနင်းမှု မရှိစေရေးအတွက် စည်းကမ်းထိန်းသိမ်း အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်နှင့် ပတ်သက်၍ ယာဉ်တိုက်မှု (၆၄၄) မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား (၁၆၀) ဦး၊ မ (၂၄)ဦး၊ စုစုပေါင်း (၁၈၄) ဦး၊ ဒဏ်ရာရရှိသူ ကျား(၆၈၅)ဦး၊ မ (၂၀၉)ဦး၊ စုစုပေါင်း (၈၉၄) ဦး ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ၁.၁.၂၀၁၉ ရက်နေ့မှ ၃၁.၅.၂၀၁၉ ရက်နေ့အထိ မော်တော်ဆိုင်ကယ် နှင့် ပတ်သက်၍ ယာဉ်တိုက်မှု (၂၆၅)မှုရှိခဲ့ပြီး သေဆုံးသူ ကျား (၈၁)ဦး၊ မ (၁၈) ဦး၊ စုစုပေါင်း (၉၉) ဦး၊ ဒဏ်ရာရရှိသူ ကျား (၂၄၃)ဦး၊ မ(၆၈) ဦး၊ စုစုပေါင်း (၃၁၁) ဦး ရှိခဲ့ကြောင်း၊ မော်တော်ဆိုင်ကယ် အသုံးပြု၍ ဒုစရိုက်မှုများ ကျူးလွန်မှု အခြေအနေမှာ ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု (၂) မှု၊ လုယက်မှု(၄၃)မှု၊ ခြောက်လန့် တောင်းယူမှု (၆) မှု စုစုပေါင်း (၅၁) မှု နှင့် ၂၀၁၉ ခုနှစ် ဇွန်လ (၁၅) ရက်နေ့ အထိ လူသတ်မှု (၁)မှု၊ လုယက်မှု (၁၀)မှု၊ စုစုပေါင်း (၁၁)မှု ဖြစ်ပွားခဲ့ကြောင်း ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment