Friday, July 12, 2019

Victoria အမှု DNA ကိစ္စ အမေရိကန်နဲ့ ထိုင်းက ရှေ့နေအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်မည်

နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria ဆိုတဲ့ အသက် ၂ နှစ် ၁၁ လအရွယ် ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရမှု အမှန်တရားပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ILAM, မြန်မာနိုင်ငံရှေ့နေအသင်း MLA, မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ရက် MMLN နဲ့ ပြည်ထောင်စုရှေ့နေများအသင်းတို့က ထိုင်းနဲ့ အမေရိကန်က ရှေ့နေများအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဇူလိုင်လ ၁ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။



အဲဒီကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှေ့နေအသင်းက တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ….

“ကျနော်တို့အဖွဲ့အပါအဝင် အဖွဲ့ လေးဖွဲ့က DNA နဲ့ ပတ်သက်လို့ ထိုင်းကိုလည်း အကူအညီတောင်းဖို့ရှိတယ်။ ထိုင်းရှေ့နေတွေကို ၊ အမေရိကန်အဖွဲ့ကိုလည်း အကူအညီတောင်းဖို့ရှိတယ်။ လောလောဆယ်တော့ အဆက်ရနေပြီ။  တရားရုံးဘက်ကို ကျနော်တို့ဘက်က လိုက်မယ့်ရှေ့နေက ဒီစစ်ထားတဲ့ဥစ္စာကို ထပ်ပြီးစစ်ပေးပါလို့ တရားရုံးကိုလျှောက်ထားလို့ တရားရုံးကခွင့်ပြုရင် ကျနော်တို့က ကူညီပေးဖို့ပဲ ”

ဒီအဖွဲ့တွေအနေနဲ့ Victoria အမှု DNA ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ရှေ့နေအသင်း American Bar Association – Rule of Law Initiative အဖွဲ့၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုင်ရာ အာဆီယံရှေ့နေများ အဖွဲ့ချုပ်၊ ထိုင်းနိုင်ငံရှေ့နေများအသင်း စတဲ့ အဖွဲ့တွေဆီကနေ အကူအညီတွေ ရယူပူးပေါင်းဆောင်ရွက်သွားမှာလို့ ဆိုပါတယ်၊

ကျောင်းသူလေး Victoria အမှုနဲ့ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီး ခေါ် အောင်ကျော်မျိုးကို သက်ငယ်မုဒိမ်းမှုနဲ့ ဒက္ခိဏခရိုင်တရားရုံးက ဇူလိုင်လ ၄ ရက်နေ့က စွဲချက်တင်ခဲ့ပါတယ်။ သူ့ရဲ့အမှုကို မှုခင်းရဲတပ်ဖွဲ့ CID ရဲ့စစ်ဆေးပေါ်ပေါက်ချက်အရ တရားစွဲတင်ခဲ့တာလို့သိရပါတယ်။ အခု ဒီအမှု DNA ထပ်ပြီးစစ်ခွင့်ရဖို့ အလားအလာနဲ့ပတ်သက်ပြီး ဦးကြီးမြင့်က ….

“တရားစွဲအဖွဲ့အစည်းနဲ့ ပူးပေါင်းမှရမှာ။ ရှေ့နေချုပ်ရုံးက ဒီအမှုကို ပြန်ရုပ်သိမ်းလိုက်ပြီး အမှုပြန် တည်ဆောက်မယ်ဆိုရင် DNA ပြန်စစ်လို့ရမယ်။ အဲလိုမဟုတ်ဘဲ တရားသူကြီးက ဒီအမှုကို ဆက်စစ် သွားမယ်ဆိုရင် ဟိုကလည်း မရုပ်သိမ်းဘူးဆိုရင် တရားသူကြီးဆီကိုခွင့်ပြုချက်တောင်းပြီး တရားသူကြီးရဲ့ ခွင့်ပြုချက်ရမှ စစ်လို့ရမှာပေါ့နော်။ မြန်မာပြည်သမိုင်းမှာတော့ DNA ကြောင့် လွတ်သွားတာ၊ DNA ကြောင့် ကျသွားတာမရှိသေးဘူးပေါ့နော်။ ကျနော်တို့ရှိတဲ့ လူသတ်မှုကြီးတွေ မုဒိမ်းမှုကြီးတွေ အဲဒီအမှုကြီးတွေကို တရားရုံးက ဘာနဲ့အစဉ်အဆက် ဆုံးဖြတ်ခဲ့သလဲဆိုရင်  လူတန်းစီဆွဲပြတဲ့ဟာတွေ၊ တရားလိုပြသက်သေတွေ၊ မျက်မြင်သက်သေတွေ၊ စာရွက်စာတမ်း သက်သေတွေ၊ တရားခံရဲ့ ဖြောင့်ချက် confession တွေ အဲလိုနဲ့တည်ဆောက်သွားတာပဲ။ DNA တခါမှ.. ကျနော်တို့နိုင်ငံမှာ အဲလိုလုပ်ပြီး ဖြစ်တယ်ဆိုတာ ခုမှကြားလာရတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေက ယုံရဖို့ ခပ်ခက်ခက်ပဲ ဆိုတာတွေ့ရတယ် ”

ရှေ့နေများအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျောင်းသူလေး Victoria အမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်တွေဟာ အမှုစစ်ဆေးကြားနာမယ့် တရားရုံးအပေါ် မလိုလားအပ်တဲ့ သြဇာသက်ရောက်မှု စကားဦးသန်းမှုဖြစ်စေသလို အပြည်ပြည်ဆိုင်ရာ လူမှုရေးနဲ့ နိုင်ငံရေးသဘောတူစာချုပ် ICCPR ရဲ့ စွပ်စွဲခံရသူတွေရဲ့ အခွင့်အရေးတွေကိုထိခိုက်နိုင်ကြောင်း ယူဆနိုင်တယ်လို့ ပါရှိပါတယ်။ ဒီရှေ့နေအဖွဲ့တွေအနေနဲ့ အမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်တိုင်းကို သတိကြီးစွာထား စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး အခုတရားစွဲခံရသူ ကိုအောင်ကြီးဟာ ပြီးခဲ့တဲ့  မေလ ၃ဝ ရက်နေ့တုန်းက တခါဖမ်းဆီးခံခဲ့ရပြီး CID က စစ်ဆေးပြီးတဲ့နောက် အမှုပေါ်ပေါက်ခြင်းမရှိဘူး ဆိုပြီး ဇွန်လ ၂၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် ၁ဝ ရက်အကြာ ကိုအောင်ကြီးကို တရားခံအဖြစ် ထပ်မံအမှုစွဲတာနဲ့ ပတ်သက်လို့ လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့သလို အမှုကိစ္စ အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုဆန္ဒပြမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

No comments:

Post a Comment