Friday, July 12, 2019

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တစ်ခု

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင် ဆင်သည့်အနေဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့် နှစ်အဖြစ် သတ်မှတ် ဆောင်ရွက်နေပါတယ်။ အဓိက ကတော့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး ပြုစုဆောင် ရွက်ရန်အတွက် ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဟာ အခြေခံမဲဆန္ဒ ရှင်စာရင်းပြုစုရန်အတွက် လူဦးရေစာရင်းနှင့် အချက်အလက် များ ကောက်ယူပြုစုခြင်း လုပ်ငန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ် ဇွန်လတတိယပတ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ လူဦးရေ စာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းတို့ ပြုလုပ်ပြီးတဲ့အခါမှာ ထိုအခြေခံမဲဆန္ဒရှင်စာရင်းကို ၂၀၁၉ ခုနှစ်အတွင်းမှာ အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကာလမတိုင်မီ ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း များကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။

လူဦးရေစာရင်းနှင့် အချက် အလက်များ ကောက်ယူပြုစုခြင်း လုပ်ငန်းကို ကြီးကြပ်နိုင်ရန်အ တွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်မှာ တိုင်းဒေသကြီး၊ ပြည် နယ်ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲ ဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဦး ဆောင်သော ဌာနဆိုင်ရာ အကြီး အကဲများ ပါဝင်သည့်အဖွဲ့က ဆောင်ရွက်မှာဖြစ်ပြီး ခရိုင်အဆင့် မှာလည်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့များမှာတော့ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းကိုတော့ တိုင်း၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကသာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ပိုမိုရှင်းလင်းအောင် အတို ချုပ်ပြောရမယ်ဆိုရင်ဖြင့် လူဦး ရေစာရင်းနှင့် အချက်အလက်များ ကောက်ယူခြင်းကို မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဦး ဆောင်သော လုပ်ငန်းကြီးကြပ် ရေးအဖွဲ့က ဦးဆောင်ဆောင်ရွက် သွားမှာဖြစ်ပြီး အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းကိုတော့ သက် ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လူဦးရေစာရင်းနှင့် အချက် အလက်များ ကောက်ယူရန်အ တွက် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်နှင့် မြို့နယ်အဆင့် လုပ် ငန်းကြီးကြပ်ရေးတာဝန်ရှိသူများ ကို စာရင်းကောက်ယူခြင်းဆိုင်ရာ သင်တန်းများ ပို့ချပြီး ဖြစ်ပါတယ်။

ထိုသူများမှတစ်ဆင့် ရပ် ကွက်နှင့် ကျေးရွာအုပ်စု စာရင်း ကောက်ယူမည့် သူများကိုလည်း ထပ်ဆင့်သင်တန်းတွေ ပို့ချနေပြီ ဖြစ်ပါတယ်။ ဆင့်ပွားသင်တန်း တွေ ပို့ချပြီးတဲ့နောက်မှာ လူဦးရေ စာရင်းနှင့် အချက်အလက်များ ကောက်ယူခြင်းကို စတင်ဆောင် ရွက်တော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်း ကို ကြိုတင်ဆောင်ရွက်မှုဟာ ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု ဖြစ်ပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင် စာရင်းအတွက် လူဦးရေစာရင်း နှင့် အချက်အလက်များ ကောက် ယူခြင်းမှာ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူပုံနဲ့ ကွာခြားချက်ရှိနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကိုတော့  လူဝင်မှုကြီးကြပ်ရေးဌာနက စာ ရင်းတွေနဲ့ ပြုစုခဲ့ပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲကော်မရှင် အစီအ စဉ်နဲ့ Door to Door တစ်အိမ် တက်ဆင်း ကောက်ယူခဲ့တာဖြစ် ပါတယ်။ ယခု ၂၀၂၀ ရွေးကောက် ပွဲအတွက် ကြိုတင်ပြင်ဆင်မှုမှာ တော့ လူဦးရေမှာ စာရင်းအားလုံး ကို အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစီအစဉ်နဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး ထိုလူဦးရေ စာရင်းများထဲ မှ မဲဆန္ဒပေးပိုင်ခွင့် အရည်အချင်း နဲ့ ကိုက်ညီသူများကို ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က ပြန်လည်စိစစ်ပြုစုသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူ ခြင်း အခန်းကဏ္ဍမှာ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနက ပါဝင်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ကောက်ယူရရှိ သော အိမ်ထောင်စုလူဦးရေ စာ ရင်းအလိုက် အိမ်ထောင်စုဝင် ဦးရေ တိုးခြင်း၊ လျော့ခြင်း၊ အိမ် ထောင်စုစာရင်း ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း အစရှိတဲ့ ၀န်ဆောင်မှုတွေကို ဥပဒေနဲ့အညီ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။  မဲဆန္ဒ ရှင် စာရင်းလည်းရ၊ အိမ်ထောင် စုစာရင်းတွေလည်း ရမယ့်အ တွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆောင်ရွက်မှုမျိုး ဖြစ်တာကို တွေ့ ရပါတယ်။

ဒီလိုရည်ရွယ်ချက်ကောင်း ကောင်းဖြင့် ဆောင်ရွက်တဲ့ စီမံ ချက်တစ်ခုကို ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ကျွန် တော်တို့နိုင်ငံမှာ လူဦးရေစာရင်း ကို မကြာခဏ အကြောင်းအမျိုး မျိုးကြောင့် ကောက်ယူရလေ့ရှိ ပါတယ်။ အနီးစပ်ဆုံးပြောရရင် ရန်ကုန်တိုင်းဒေသကြီး ၃၃ မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီကပဲ စည်ပင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခဲ့ပါသေး တယ်။ စာရင်းကောက်တွေ အိမ် တိုင်ရာရောက် စာရင်းကောက် ယူချိန်မှာ အချို့သော အိမ်ရှင်များ က ဘာအတွက် ကောက်တာလဲ လို့ မေးလေ့ရှိပါတယ်။ ရွေး ကောက်ပွဲအတွက်ပါလို့ဖြေရင် ရွေးကောက်ပွဲ စိတ်မ၀င်စားဘူး ကောက်မနေနဲ့လို့ ဟောက်ထုတ် လေ့ရှိပါတယ်။ ဒါပေမဲ့ ရွေး ကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲစာ ရင်း မပါလို့ မဲမပေးရတာကြောင့် ပြဿနာရှာသူတွေဟာလည်း ထိုသူတွေဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးရစေရန်နဲ့ ခိုင်မာတိကျသော အိမ်ထောင်စုစာရင်း များ ဖြစ်ရေးအတွက် ပြည်သူများ လည်း ပူးပေါင်းပါဝင်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မီဒီယာ တွေမှာ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ မဲဆန္ဒရှင်စာရင်းကပ်တဲ့အခါ ကွယ်လွန်ပြီးတဲ့သူတွေ စာရင်းထဲ ပါလာတာဖြစ်ပါတယ်။ ပထမဆုံး အပြစ်တင်ခံရတာကတော့ ကော် မရှင်ကိုပဲ ဖြစ်ပါတယ်။ အပြစ် တင်ကြတဲ့သူတွေထဲမှာ ကျွန် တော်လည်း ပါခဲ့ပါတယ်။ ဒါပေမဲ့ ဇာစ်မြစ်ကိုပြန်ကြည့်တဲ့အခါ ရွေး ကောက်ပွဲကော်မရှင်ဟာ လူဝင် မှုကြီးကြပ်ရေးဌာနက စာရင်းကို ယူတဲ့အတွက် လူဝင်မှုကြီးကြပ် ရေးဌာနကလည်း ကွယ်လွန်သူကို အိမ်ထောင်စုစာရင်းက မထုတ်ရသေးတဲ့အခါမှာ ယခုလို ဖြစ်ရတာဖြစ်ပါတယ်။ ထပ်ပြီး အကျိုးအကြောင်းကို ရှာတဲ့အခါလူဝင်မှုကြီးကြပ်ရေးမှာလည်း တာဝန်မရှိဘဲ သေဆုံးသူကို အိမ်ထောင်စုစာရင်းက လာမထုတ်တဲ့ အိမ်ထောင်စုဝင်တွေမှာသာ တာဝန်ရှိနေတာ တွေ့ရပြန်ပါတယ်။ ဒါဟာအိမ်ထောင်စုဝင် စာရင်း၊ မဲဆန္ဒရှင်စာရင်း ဖောင်းပွမှု တစ်ခုဖြစ်ပါတယ်။

 နောက်တစ်ချက်ကတော့ ရန်ကုန်မြို့လို လူဦးရေ သိပ်သည်း တဲ့မြို့ကြီးတွေမှာ အဖြစ်များတဲ့ ကိစ္စဖြစ်ပါတယ်။ အိမ်ထောင်စု တစ်ခုတည်းမှာ လူဦးရေ ၂၀၊ ၃၀ ရှိ နေခြင်းပါ။ လူဝင်မှုကြီးကြပ်ရေး ရုံးရဲ့ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) မှာ လူဦးရေ ၂၀၊ ၃၀ ရှိနေပြီး အိမ်သွားကြည့်တဲ့အခါ အမှန်တကယ် နေထိုင်သူငါးဦးလောက်သာ ရှိနေတာတွေ့ရပါတယ်။ အဖြေက အဲဒီအိမ်မှာ မိသားစုအ ဆက်ဆက်နေထိုင်ပြီး အိမ်ထောင်စုစာရင်းသွင်းသွားကြတာ ဖြစ်ပါတယ်။ အိမ်ကိုဆင့်ကဲဆင့်ကဲ ရောင်းချသွားတဲ့အခါ လူဦးရေ စာရင်းတွေ ဆင့်ကဲဆင့်ကဲ တိုးလာပြီး လူဦးရေဖောင်းပွမှုတွေ ရှိလာခြင်းဖြစ်ပါတယ်။ ဒါကို လည်း စာရင်းကောက်သူများ သတိထားဆောင်ရွက်စေချင်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲအတွက် လူဦးရေစာရင်းနှင့် အ ချက်အလက်များ ကောက်ယူခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်း ဟာ ရည်ရွယ်ချက်ကောင်းမွန်ပြီး ဘက်စုံအကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ မကြာခင် စာဖတ်သူ များရဲ့ အိမ်ရှေ့ကို စာရင်းကောက် များ ရောက်ရှိလာတော့မှာ ဖြစ်ပါ တယ်။ မိမိတို့အိမ်ထောင်စုအ တွင်းရှိ အိမ်ထောင်စုဝင်များရဲ့ အချက်အလက်များကို မှန်ကန် တိကျစွာ ဖြေကြားခြင်းဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းမှန်ကန်ရန် ၀ိုင်းဝန်းကူညီ ကြပါလို့ ဆန္ဒပြုလိုက်ပါတယ် ။

No comments:

Post a Comment