Friday, July 12, 2019

အငှားယာဉ်မောင်းကို ဓားဖြင့်ထိုးသူ အရေးယူထား

ခရီးသည်နှင့် စကားများ သည့် အငှားယာဉ်မောင်း ဓားဖြင့် ထိုးခံရကြောင်း အင်းစိန်မြို့မရဲ စခန်းမှူး ဒုရဲမှူးတင်လတ်က ပြော သည်။ြ ပစ်မှုကျူးလွန်သော အမျိုးသားသည်  ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်နေ အသက်(၂၅)နှစ် ရှိ စွမ်းရည်ဝင်းဖြစ်ပြီး ဇူလိုင် ၁၀ ရက် နံနက်က ရန်ကုန်စီးပွားရေး တက္ကသိုလ်ဘက်မှ အင်းစိန်မြို့ နယ် ကမ်းနားအနောက်ရပ်ကွက် သို့ ခရီးစဉ်အသွား၊ အပြန် ကျပ် ၁၂,၀၀၀ ဖြင့် ပရိုဘောက်စ် အငှား ယာဉ်တစ်စီးကို ငှားရမ်းခဲ့သည်။



ထို့နောက် ကမ်းနားအ နောက်ရပ်ကွက် ပုလဲမြိုင်ဆန်စက်လမ်းထိပ်အရောက်တွင် ယာဉ်မောင်းက ကားငှားရမ်းခ တောင်းရာမှ အပြန်အလှန် စကားများရန်ဖြစ်ကာ စွမ်းရည်ဝင်းက အရိုးအသွား ၈ လက်မခန့်ရှိ ဓားဖြင့် ထိုးခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြသည်။

 ယာဉ်မောင်းသည် ဘယ်ဘက်ညှပ်ရိုးအောက်တွင် ထိုး သွင်းဒဏ်ရာတစ်ချက်ရရှိပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းရာ ရပ်ကွက်နေသူများက တရားခံကို ဝိုင်းဝန်းဖမ်းဆီးခဲ့ သည်။

 ‘‘ကားခတောင်းတာ အဲ့ဒီကောင်က မပေးဘူးလို့ ပြော တယ်။ ဒါနဲ့ တစ်ယောက်တစ်ခွန်း စကားများပြီးတော့ ဓားနဲ့ ထိုးခဲ့တာပါ။ တရားခံက ကားနောက် ခန်းမှာ ထိုင်တာဆိုတော့ နောက်ကနေ ထိုးခဲ့တာပါ။ တရားခံကို စစ်ဆေးတော့ ဒီလိုအမှုမျိုးတွေ ဘိုကလေးဘက်မှာလည်း ဖြစ်တာ တွေ့ရတယ်။ ကားသမားကတော့ အင်းစိန်ဆေးရုံမှာ တင်ထားပါတယ်။ အခြေအနေကောင်းပါ တယ်’’ ဟု ဒုရဲမှူးတင်လတ်က ပြောသည်။ ပြစ်မှုကျူးလွန်သူ စွမ်းရည် ဝင်းကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ (ဘေး ဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု) ဖြင့် အမှုဖွင့်ပြီး ချုပ်ရမန်ယူကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင် ထားကြောင်း ၎င်းက ပြောသည်။

No comments:

Post a Comment