Friday, July 12, 2019

ဂျပန်နိုင်ငံသို့ သွားရောက်ခြေစမ်းမည့် မြန်မာယူ-၁၈ ဘောလုံးအသင်းတွင် ကစားသမား ၂၅ ဦးပါဝင်မည်

အာဆီယံပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည့် ခြေစမ်းခရီးစဉ် တွင် ကစားသမား ၂၅ ဦးခေါ်ဆောင်မည် ဖြစ်ကြောင်း မြန်မာယူ-၁၈ဘောလုံးအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောသည်။ လက်ရှိတွင် မြန်မာယူ ၁၈ဘောလုံးအသင်းသည် ပဏာမ ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်နေပြီး ရက်ပိုင်းအတွင်း သုံးဦး ချန်လှပ်ကာ ၂၅ ဦးစာရင်း ထုတ်ပြန်မည်ဖြစ်ကြောင်း ဦးစိုးမြတ်မင်း က ပြောသည်။



မြန်မာယူ-၁၈ အသင်းသည် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ J-GREEN SAKAI လေ့ကျင့်ရေး စင်တာတွင် ၁၀ ရက်ကြာ လေ့ကျင့်မည်ဖြစ်သည်။ လေ့ကျင့်ရေး ကာလအတွင်း ဇူလိုင် ၁၈ ရက် တွင် Cerezo Osaka ယူ -၁၈ အသင်း၊ ဇူလိုင် ၂၁ ရက်တွင် Osaka Sangyo University အသင်း၊ ဇူလိုင် ၂၄ ရက်တွင် Hannan အသင်းတို့နှင့် ခြေစမ်း မည် ဖြစ်သည်။

 ‘‘ဒီခြေစမ်းခရီးစဉ်က အသင်းအတွက် အကျိုးရှိမှာပါ။ ဂျပန်တက္ကသိုလ်အသင်းတွေ ဆိုပေမယ့် ကျွန်တော်တို့ထက် ဘောလုံးအဆင့် အတန်းမြင့်တဲ့ အသင်းတွေဖြစ်လို့ အတွေ့အကြုံ အများကြီးရမှာပါ။ ဒီပြိုင်ပွဲကနေ အာဆီယံပွဲအတွက် ပြင်ဆင်မှုတွေ အကောင်းဆုံး လုပ်သွားမှာပါ။ အာဆီယံပြိုင်ပွဲမှာ ရလဒ်ကောင်းရဖို့ လည်း မျှော်မှန်းထားပါတယ်’’ဟု ဦးစိုးမြတ်မင်းက ပြောသည်။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ယူ-၂၁ လူငယ်လိဂ် ပြိုင်ပွဲ၌ ဘောလုံးအဖွဲ့ချုပ်လူငယ်အသင်း (MFF Youth) အမည်ဖြင့် ယှဉ်ပြိုင်နေသည်။ မြန်မာယူ-၁၈ အသင်းသည် ဂျပန် လေ့ကျင့်ခြေစမ်း ခရီးစဉ်အတွက် ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်မှ ထွက်ခွာမည် ဖြစ်သည်။

မြန်မာယူ-၁၈ အသင်းယှဉ်ပြိုင်မည့် ၂၀၁၉  အာဆီယံ ယူ-၁၉ပြိုင်ပွဲကို သြဂုတ်အတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (က)တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု(ခ) တွင် မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် သြစတြေးလျအသင်းတို့ ပါဝင်သည်။ မြန်မာယူ-၁၈ အသင်း သည်အာဆီယံပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မတ်လနှင့် ဧပြီတတိ ယပတ်က ဗီယက်နမ်နှင့် ဟောင်ကောင်ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ်ပြိုင်ပွဲတွင် အောင်မြင်မှု မရရှိခဲ့သော်လည်း ဟောင်ကောင်ဖိတ်ခေါ် ပြိုင်ပွဲတွင် စင်ကာပူ၊ ဟောင်ကောင်၊ ဗီယက်နမ်အသင်းတို့ကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့သည်။

No comments:

Post a Comment