Friday, July 12, 2019

မန္တလေး ဥပဒေအထောက်အကူပြုရေးအဖွဲ့ကို တိုင်းအစိုးရ ကူညီထောက်ပံ့မည်

မန္တလေးခရိုင် ဥပဒေအထောက်အကူပြုရေးအဖွဲ့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လိုအပ်သည့်အကူအညီများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။ မန္တလေးခရိုင်၊ ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်းကို မန္တလေးခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ တရားရေး၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာန စသည့်ဌာနများထံသို့ လုပ်ဆောင်မည့်လုပ်ငန်းများနှင့် အဖွဲ့အခြေအနေများကို ဇူလိုင်လ ၁၀ ရက်နေ့က မိတ်ဆက်တင်ပြခဲ့သည်။



“လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အဆင်ပြေအောင် ချောမွေ့အောင် ပြည်သူလူထုအတွက် တစ်တပ်တစ်အားဖြစ်အောင် ဥပဒေနားမလည်တဲ့ ပြည်သူလူထုတွေ ဥပဒေရဲ့ အကာအကွယ်အပြည့်အဝရအောင် ဆောင်ရွက်ရမယ်လို့ သိမြင်ပါတယ်။ ဒီအဖွဲ့တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်”ဟု တိုင်းအစိုးရအဖွဲ့ကိုယ်စား တက်ရောက်ခဲ့သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောဆိုသည်။

ဥပဒေအထောက်အကူပြုအဖွဲ့အနေနှင့်၊ အများပြည်သူအနေနှင့် မျှတသော တရားစီရင်ခွင့်ရရှိရေး၊ ဆင်းရဲချမ်းသာကွာဟမှု၊ အသားအရောင်၊ လူမျိုး၊ မသန်စွမ်းမှု၊ လိင်ကွဲပြားမှု စသည်တို့ကြောင့် တရားစီရင်ရာ၌ ခွဲခြားဆက်ဆံခြင်းမှ ကင်းလွတ်ပိုင်ခွင့်ရရှိရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး၊ ဥပဒေအထောက်အကူပြုရေးအဖွဲ့ တရားလွှတ်တော်ရှေ့နေ ထွန်းအောင်ကျော်က ပြောကြားသည်။

ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့တွင် ပါဝင်သူများသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု ဥပဒေဆိုင်ရာ အထောက်အကူပြုရေး ဥပဒေပုဒ်မ ၄၁ တွင် ဖော်ပြထားပြီး ယင်းဥပဒေကို ၂၀၁၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြန်လည်ပြင်ဆင်၍ ပြည် ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့စသည်တို့ကို ဖွဲ့စည်းခြင်းဖြစ်သည်။

No comments:

Post a Comment