Friday, July 12, 2019

အောင်မင်္ဂ္လာ အဝေးပြေးဂိတ်နှင့် ဒဂုံဧရာ အဝေးပြေးဂိတ်ရှိ ဈေးဆိုင်ခန်းများနှင့် ကားဂိတ်များ တစ်လ ငှားရမ်းခ အနည်းဆုံး ကျပ် ၂၀ဝ၀ မှ အများဆုံး ကျပ် ၇၀ဝ၀ သာရှိ

အောင်မင်္ဂ္လာ အဝေးပြေးဂိတ်နှင့် ဒဂုံဧရာ အဝေးပြေးဂိတ်တို့ရှိ ဈေးဆိုင်ခန်းများနှင့် ကားဂိတ်များ တစ်လ ငှားရမ်းခ အနည်းဆုံး ကျပ် ၂၀ဝ၀ မှ အများဆုံး ကျပ် ၇၀ဝ၀ သာရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ ဇူလိုင် ၁၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာက ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီသည် အောင်မင်္ဂ္လာ အဝေးပြေးဂိတ်နှင့် လှိုင်သာယာမြို့နယ်ရှိ အဝေးပြေးဂိတ်အတွင်း ငှားရမ်းထားသော ဈေးဆိုင်ခန်းများ မည်မျှရှိပြီး တစ်ခန်းလျှင် မည်သည့်နှုန်းဖြင့် ငှားရမ်းလျက် တစ်နှစ်လျှင် ဝင်ငွေမည်မျှ ရရှိသည်၊ ကားဂိတ်ပေါင်း မည်မျှရှိပြီး ကားဂိတ် တစ်ဂိတ်ကို မည်သည့် ဈေးနှုန်းဖြင့် ငှားရမ်းလျက် တစ်နှစ်လျှင် ဝင်ငွေမည်မျှ ရှိသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ အောင်မင်္ဂ္လာ အဝေးပြေးစခန်း နှင့် ဒဂုံဧရာ အဝေးပြေးစခန်း ရှိပါတယ်။ အောင်မင်္ဂ္လာ အဝေးပြေးစခန်းမှာ ဆိုင်ခန်းပေါင်း ၆၁၆ ခန်း ရှိပါတယ်။ ဆိုင်ခန်း အကျယ်အဝန်းပေါ် မှုတည်ပြီး နှုန်းထားတွေက တစ်လမှာ အနည်းဆုံး ၂၀ဝ၀ ကနေ ၇၀ဝ၀ အထိ ဆိုင်ခန်း အနေအထားပေါ် မူတည်ပြီး ကောက်ခံပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ထို့ပြင် အောင်မင်္ဂ္လာ အဝေးပြေးအတွင်းရှိ ဆိုင်ခန်းများမှ တစ်နှစ်ဝင်ငွေသည် ကျပ် ၈၅၁ သိန်းကျော် ဝင်ကြောင်း၊ ကားဂိတ် အခန်းပေါင်း ၂၅၉ ခန်းရှိပြီး ဆိုင်ခန်းအကျယ်ပေါ် မူတည်ကာ တစ်လလျှင် အနည်းဆုံး ကျပ် ၃ဝဝဝမှ အများဆုံး ကျပ် ၇၀ဝ၀ အထိ ကောက်ခံပြီး တစ်နှစ် ဝင်ငွေသည် ကျပ်သိန်း ၁၇၀ ကျော် ဝင်ငွေရှိကြောင်း မြို့တော်ဝန်က ပြောကြားသည်။ “အခန်းတွေ ငှားရမ်းခ တစ်နှစ်ဝင်ငွေက ကျပ်သိန်း တစ်ထောင်ကျော် ရှိပါတယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လှိုင်သာယာမြို့နယ် ဒဂုံဧရာပွဲရုံနှင့် အဝေးပြေး ယာဉ်နားစခန်းတွင် ဆိုင်ခန်းပေါင်း ၂၀၉ ခန်းရှိပြီး ဆိုင်ခန်း အကျယ်အဝန်းပေါ် မူတည်ကာ အနည်းဆုံး ၃၀ဝ၀ မှ အများဆုံး ၅၅ဝဝအထိ ကောက်ခံကြောင်း၊ ဆိုင်ခန်းများ၏ တစ်နှစ်ဝင်ငွေသည် ကျပ် ၇၂၅ သိန်းကျော် ရှိကြောင်း၊ ကားဂိတ် အခန်းပေါင်းသည် ၈၂ ခန်းရှိကာ တစ်လလျှင် ၅၅၀ဝ နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး တစ်နှစ် ဝင်ငွေသည် ကျပ်  ၅၄ သိန်းကျော် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

“ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဒဂုံဧရာပွဲရုံနဲ့ အဝေးပြေးဝင်းတို့ရဲ့ ဆိုင်ခန်းနဲ့ ကားဂိတ်ခန်းတွေရဲ့ ငှားရမ်းခ တစ်နှစ်ဝင်ငွေက ၇၈၂ သိန်း ဖြစ်ပါတယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါ ဝင်ငွေများသည် ဆိုင်ခန်း ငှားရမ်းခသာ ဖြစ်ကြောင်း၊ အောင်မင်္ဂ္လာ အဝေးပြေးနှင့် ဒဂုံဧရာ အဝေးပြေးဆိုင်ခန်းများသည် အပျောက်ရောင်းချထားသည့် ဆိုင်ခန်းများ ဖြစ်ကြောင်း၊ အောင်မင်္ဂ္လာ အဝေးပြေးအတွင်းရှိ ဆိုင်ခန်းများအား ၂၀ဝ၂ ခုနှစ်တွင် အပျောက်ရောင်းထားကြောင်း၊ ဒဂုံဧရာ အဝေးပြေးဝင်းအား ၂၀ဝ၃ ခုနှစ်တွင် အပျောက်ရောင်းထားခြင်း ဖြစ်ကြောင်း ゞင်းကပြောကြားသည်။

“အပျောက်ရောင်းထားတဲ့အတွက် ကျွန်တော်တို့က ဒီပေါ်မှာပဲ ဆိုင်ခန်းခကို ကောက်လို့ရတယ်။ ဆိုင်ခန်းခအပြင် အခြားအခတွေက သူ့ခေါင်းစဉ်နဲ့သူ သွားပါတယ်။ အဲဒါတွေက ကြော်ငြာဆိုင်းဘုတ်ခွန် ဆိုပြီး ကောက်ပါတယ်။ နောက်တစ်ခုက နေရောင်ကာခန်းဆိုပြီး ကောက်ပါတယ်။ လုပ်ငန်း လိုင်စင်ခွန်လည်း ပေးရပါတယ်။ ဒီဟာတွေကို စာရင်းစစ် စီရင်ခံစာထဲထည့်ဖို့ ရန်ကုန်တိုင်းအစိုးရကို တင်ပြပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

No comments:

Post a Comment