Friday, July 12, 2019

အိုင်ဗရီကို့စ်ကို အနိုင်ယူပြီး အယ်လ်ဂျီးရီးယား အာဖရိကနိုင်ငံများဖလား ဆီမီးတက်

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နဲ့ အယ်လ်ဂျီးရီးယားတို့ မနေ့ကယှဉ်ပြိုင်ရာ အယ်လ်ဂျီးရီးယားက ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားပါတယ်။ အိုင်ဗရီကို့စ်အသင်းမှာ အဓိက တိုက်စစ်မှူး ဇာဟာ၊ နောက်ခံလူ ကူလီဘာလီ၊ ထရာအိုရီတို့ ဦးဆောင်လာသလို အယ်လ်ဂျီးရီးယားအသင်းမှာလည်း အဓိက ကစားသမား မာရက်ဇ် ဦးဆောင် ပွဲထွက်ခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားအသင်းဟာ ရှုံးထွက်အဆင့်မှာ ဂီနီယာကို ၃ ဂိုးပြတ်နိုင်ပြီး ဒီအဆင့်ကို တက်လှမ်းလာသလို အိုင်ဗရီကို့စ်ကလည်း မာလီကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို ရောက်လာတာပါ။



ကွာတားဖိုင်နယ်မှာတော့ အယ်လ်ဂျီးရီးယားက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးကိုလည်း အယ်လ်ဂျီးရီးယားပဲ ရခဲ့တာဖြစ်ပြီး ပွဲချိန် မိနစ် ၂၀ မှာ ဖီဂူလီက သွင်းယူပေးခဲ့ပါတယ်။

အိုင်ဗရီကို့စ်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၂ မိနစ်မှာ ခေါ့ဒ်ဂျီယာက သွင်းယူပေးခဲ့ပါတယ်။

ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာမှာလည်း သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ အယ်လ်ဂျီးရီးယားက ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားတာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ အယ်လ်ဂျီးရီးယားအသင်းဟာ နိုင်ဂျီးရီးယားနဲ့ တွေ့ဆုံနေပြီး လာမယ့် ဇူလိုင် ၁၄ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment