Friday, July 12, 2019

ရန်ကုန်တိုင်းအတွင်း ၂၀၁၈ ခုနှစ်မှ ၂၀၁၉ မေလအထိ ဆိုင်ကယ် တိုက်မှုကြောင့် လူ ၂၈၀ ကျော်သေဆုံး

ရန်ကုန်တိုင်းအတွင်း ၂၀၁၈ခုနှစ်မှ ၂၀၁၉ မေလအထိ ဆိုင်ကယ်တိုက်မှုကြောင့် လူ ၂၈၀ ကျော် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး  ဒေါ်နီလာကျော်က ပြောကြားသည်။ ဇူလိုင် ၁၁ ရက်တွင်ပြုလုပ်သည့် ဒုတိ ယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက် မြောက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ငြိမ်းချမ်းအောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော် ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့် မြို့နယ် နှစ်ခုမှ အပ အခြားမြို့နယ်များတွင် တရားမဝင် မော်တော်ဆိုင်ကယ်များ စီးနင်းမှု မပြုလုပ်စေရေး ထိန်းသိမ်းရန် ဆောင်ရွက်မည့် အစီအစဉ် ရှိ မရှိ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်ခိုက်မှု မည်မျှဖြစ်ပွားခဲ့သည်နှင့် မော်တော်ဆိုင်ကယ် အသုံးပြုပြီး ဒုစရိုက်မှု ကျူးလွန်ခြင်းများ မည်မျှဖြစ်ပွားခဲ့သည်ကို သိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးဒေါ်နီလာ ကျော်ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။



“ ၂၀၁၈ခုနှစ်အတွင်းမှာ မော်တော် ဆိုင်ကယ်နဲ့ပတ်သက်ပြီး ယာဉ်တိုက်မှု ၆၄၄ မှုဖြစ်ပွားခဲ့ပြီးတော့ သေဆုံးသူကျား ၁၆ဝဦး၊ မ ၂၄ဦးရှိခဲ့ပြီးတော့ ဒဏ်ရာရရှိမှုက ၈၉၄ ဦး ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မေ ၃၁ရက်အထိ မော်တော် ဆိုင်ကယ်နဲ့ပတ်သက်ပြီး ယာဉ်တိုက်မှု ၂၆၅ မှု ရှိခဲ့ပြီးတော့ သေးဆုံးသူ ၉၉ ဦးရှိခဲ့ပြီး  တော့ ဒဏ်ရာရရှိမှုက ၃၁၁ ဦးရှိခဲ့ပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြား သည်။


မော်တော်ဆိုင်ကယ် အသုံးပြုပြီး ဒုစရိုက်မှု ကျူးလွန်သော အရေအတွက်သည် ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု နှစ်မှု၊ လု ယက်မှု ၄၃ မှု၊ ခြောက်လှန့်တောင်းယူမှု ခြောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန် ၁၅ရက်အထိ လူသတ်မှု တစ်မှု၊ လုယက်မှု ၁၀ မှု တို့ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“ဆိုင်ကယ်စီးနင်းပြီး ဒုစရိုက်မှုကျူး လွန်တာ ကျဆင်းရေးအတွက် တရားမဝင် မော်တော်ဆိုင်ကယ် စီးနင်းသူများကို အရှိန်အဟုန်မြှင့်ပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်၌ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့် မြို့နယ်ပေါင်း ၁၄ မြို့နယ်သာ ရှိကြောင်း၊ စီးနင်းခွင့် မပြုသည့် မြို့နယ်ပေါင်း ၃၁ မြို့နယ်ရှိကြောင်း၊ ခရိုင် အလိုက် စီးနင်းခွင့်မပြုသည့် မြို့နယ်များ သည့် အရှေ့ပိုင်းခရိုင်တွင် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် ၁၃ မြို့နယ်နှင့် မြောက်ပိုင်းခရိုင်တွင်  လေးမြို့နယ်ရှိကြောင်း၊ စီးနင်းခွင့် မပြုသည့် မြို့နယ် ၃၁ မြို့နယ်တွင် မော်တော်ဆိုင်ကယ်များ စီးနင်းခြင်း မပြုစေရန် ပညာပေး ဟောပြောပွဲများတွင် ထည့်သွင်းဟောပြောထားရှိပြီး၊ လိုက်နာမှုမရှိ သော မော်တော်ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူထားကြောင်း ဝန်ကြီး ဒေါ်နီလာ ကျော်က ပြောကြားသည်။

“၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မော်တော်ဆိုင် ကယ် စီးရေ ၄၇၆၆ စီးကို ဖမ်းဆီးအရေးယူ ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်နေ့အထိ မော်တော် ဆိုင်ကယ်စီးရေ ၃၄၅၂ စီးကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။ စီးနင်းခွင့်မရှိတဲ့ မြို့နယ်တွေအတွင်းမှာ မော်တော်ဆိုင်ကယ်များ စီးနင်းမှု မရှိစေဖို့ စည်းကမ်းထိန်းသိမ်း အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်ဖြစ်သည့် ဒလမြို့နယ်နှင့် ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် စည်ပင် နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်တို့တွင်သာ ဆိုင်ကယ် စီးနင်းခွင့်ပြုထားသော်လည်း ရန်ကုန်တိုင်း နေရာအနှံ့အပြားတွင် တရားမဝင် ဆိုင်ကယ်စီးနင်းမှု အများအပြား ရှိနေကြောင်း သိရသည်။ 

No comments:

Post a Comment