Friday, July 12, 2019

ချင်းတွင်းမြစ်ရေသည် နောက် နှစ်ရက်အတွင်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် သတိပြုနေထိုင်ကြရန် ကြေညာချက် ထုတ်ပြန်

ခန္တီးမြို့နယ် ရွှေမြင့်မိုရ်ကျေးရွာတွင် နေအိမ်များ ရေဝင်နစ်မြုပ်နေစဉ် (ဓာတ်ပုံ- ဦးမင်းသိန်း)ချင်းတွင်းမြစ်ရေသည် နောက် နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် သတိပြုနေထိုင်ကြရန် ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ငါးပေခွဲခန့်နှင့် ဟုမ္မလင်းမြို့တွင် ခြောက်ပေခွဲခန့်၊ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအောက် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေများသည် နောက်နှစ်ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇူလိုင် ၁၀ ရက် ညနေ ၃ နာရီတွင် သတိပေး ကြေညာချက် ထုတ်ပြန်ထားသည်။



ခန္တီးမြို့နယ်ရှိ မြစ်ကမ်းနံဘေး အနိမ့်ပိုင်း ကျေးရွာအချို့တွင် ချင်းတွင်းမြစ်ရေ စတင် ဝင်ရောက်နေပြီး ကယ်ဆယ်ရေးစခန်းများ အဆင်သင့် ပြင်ဆင်ထားကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်ဆင့်က ပြောကြားသည်။

“မိုးဇလကတော့ နောက် နှစ်ရက်လောက်ဆိုရင် စိုးရိမ်ရေမှတ် ရောက်မယ်လို့ ထုတ်ပြန်ပေးထားတာပေါ့။ မိုးကလည်း ရွာတုန်း ရွာဆဲဆိုတော့ မိုးဇလ ထုတ်ပြန်ထားသလို ဖြစ်နိုင်လို့ ကျွန်တော်တို့ကတော့ ရွာတွေ အကုန်လုံးကို တပ်လှန့်ထားပေးတယ်။ ချင်းတွင်းမြစ်ဘေးမှာဆိုရင် အနိမ့်ပိုင်းမှာရှိတဲ့ ရွာတွေကို ကြိုတင် ပြောင်းရွှေ့ထားဖို့ပေါ့။ တချို့ရွာတွေမှာတော့ ရေဝင်ပြီ ဆိုပေမယ့် ပြောင်းရ ရွှေ့ရတဲ့အထိ မရောက်သေးဘူး။ စိုးရိမ်ရေမှတ် ရောက်ဖို့ကလည်း ၁၂၀ စင်တီမီတာလောက် လိုသေးတယ်လေ။ ကယ်ဆယ်ရေးစခန်းကိုတော့ ကြိုတင် ပြင်ဆင်ထားပြီးပြီ။ စိုးရိမ်ရေမှတ် ရောက်တာနဲ့ ကယ်ဆယ်ရေးစခန်း ရွှေ့ပေးရုံပဲ” ဟု ဦးခင်မောင်ဆင့်က ပြောကြားသည်။

ချင်းတွင်းမြစ်ရေ မြင့်လာမှုကြောင့် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် ဆက်သွယ်ထားသည့် ဗျူဟာ ကားလမ်းမကြီးပေါ်မှ တံတားတချို့ ရေကျော်ကာ သွားလာရေး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“ချင်းတွင်းမြစ်ရေ တက်လာပြီဆိုတာနဲ့ အဲဒီနေရာတွေက အမြဲတမ်း ရေကျော်နေကြ။ ကျွန်တော်တို့ မြို့နယ်အတွင်းမှာတော့ တံတား လေးစင်း ရှိတာပေါ့နော်။ မိုင်းနောင် ချောင်းကူးတံတား၊ နမ်ဂတုံး ချောင်းကူးတံတား၊ ဆွဲလွဲချောင်းကူးတံတားနဲ့ ဟွေတောင် တံတားပေါ့။ အဲဒီတံတားတွေက စလုပ်ကတည်းကလည်း နည်းနည်းနိမ့်နေတော့ မိုးများပြီး ရေတက်ရင် အမြဲရေကျော်နေကြ။ ဒါက နှစ်စဉ် နှစ်တိုင်းပါပဲ။ အဲဒီလေးစင်းက အခု ရေကျော်နေတော့ ဟုမ္မလင်း လမ်းပိုင်းကို သွားရေး လာရေးက နည်းနည်း အခက်အခဲရှိမှာပေါ့။ တံတား ရေကျော်ပေမယ့် ရေလမ်းကတော့ အချိန်မရွေး သွားလို့ရပါတယ်။ တံတား ရေကျော်တာကလည်း လတ်တလောပါပဲ။ မိုးမရွာရင်တော့ ရေပြန်ကျသွားရင် သွားလို့ရပါပြီ” ဟု ဦးခင်မောင်ဆင့်က ဆိုသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့နယ် မြစ်ကမ်းနံဘေးရှိ အနိမ့်ပိုင်း ကျေးရွာအချို့တွင် ရေစတင် ဝင်ရောက်နေသော်လည်း နေအိမ်များ ရွှေ့ပြောင်းရခြင်း မရှိသေးကြောင်း ၊ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် မြစ်ကမ်းနံဘေးရှိ အနိမ့်ပိုင်းကျေးရွာတချို့တွင် ရေများ စတင် ဝင်ရောက်နေသော်လည်း စာသင်ကျောင်းများ ယာယီ ပိတ်ထားရခြင်း မရှိသေးကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၁၂၄၀ စင်တီမီတာ (ခန္တီးမြို့၏ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာသို့ ရောက်ရှိရန် လေးပေခန့် အလို)၊ ဟုမ္မလင်းမြို့တွင် ၂၇၅၄ စင်တီမီတာ (ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀ဝ သို့ရောက်ရှိရန် လေးပေခွဲကျော်အလို) တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

No comments:

Post a Comment