Friday, July 12, 2019

အလုပ်ကျင့်ဝတ်ဟူသည် . . .

အလုပ်ကျင့်ဝတ်ဟူသည် အလုပ်ကြိုးစားခြင်းနှင့် လုံ့လဝီရိယရှိခြင်း၌ ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးနှင့် ရှိရင်းစွဲ အရည်အချင်း၊ စရိုက်လက္ခဏာနှင့် တစ်ဦးချင်း အရည်အသွေးများကို အားကောင်းစေသည့် အလေ့အထကောင်း သို့မဟုတ် စံတန်ဖိုးရှိသည်ဟု ယုံကြည်မှုတစ်ရပ်ဖြစ်သည်။ ယင်းသည် အလုပ်၏ အရေးပါပုံနှင့် ပတ်သက်၍ အဓိကကျသော စံတန်ဖိုးတစ်စုံဖြစ်ပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ရန် ဆန္ဒသို့မဟုတ် ဆုံးဖြတ်ချက်ချထားမှုက ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။
ယင်းစံတန်ဖိုးနှင့် ပတ်သက်သော လူမှုရေးဆိုင်ရာ အရိုးစွဲနေမှုကို လူတစ်ဦး၏ လုပ်ငန်းနယ်ပယ်တစ်ရပ်အနေဖြင့် လေးစားသော အလုပ်ကြိုးစားမှုမှတစ်ဆင့် ဖွံ့ဖြိုးလာသည့် စရိုက်လက္ခဏာတစ်ရပ်အဖြစ် သတ်မှတ်သည်။ လူတစ်ဦး၏ အလုပ်ကျင့်ဝတ်သည် သူ၏ စရိုက်ကို ကိုယ်စားပြု၏။ အားကောင်းသည့် အလုပ်ကျင့်ဝတ်တစ်ရပ်သည် ထိုသူအနေဖြင့် ကောင်းမွန်သည့် အလုပ်တစ်ခုကို လုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ တန်ဖိုးမြင့်မားစွာ ထားသည့်အပြင် အခြားသူများကိုလည်း လေးစားကာ သမာဓိရှိရှိ ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ လူတစ်ဦးအနေဖြင့် အလုပ်နှင့်ပတ်သက်၍ ကျင့်ဝတ်ကို ဖော်ပြနိုင်ပုံနည်းလမ်းများစွာ ရှိသည်။

အချိန်မီနှင့် အချိန်မှန် - အချိန်မီခြင်းသည် အလုပ်ကျင့်ဝတ်တွင် အခြေခံအကျဆုံး အရည်အသွေးတစ်ရပ် ဖြစ်သည်။ အလုပ်ကျင့်ဝတ်ကောင်းရှိသူသည် သူ၏ အလုပ်ချိန် မတိုင်မီ ကြိုရောက်လာကာ အခြေကျအောင် ပြုလုပ်လျက် အလုပ်ချိန်၌ အလုပ်လုပ်ရန် အသင့်ဖြစ်နေသည်။ သူသည် ဖောက်သည်များနှင့် ချိန်းဆိုရာတွင်လည်းကောင်း၊ အခြားဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးရန်လည်ကောင်း၊ စီမံခန့်ခွဲရာ၌လည်းကောင်း အချိန်မှန် သူဖြစ်သည်။ သူ၏ အလုပ်များသည် အချိန်မီပြီးစီးကာ သတ်မှတ်ထားသည့် နောက်ဆုံးအချိန် ကန့်သတ်ချက်များနှင့် အမြဲတမ်း ကိုက်ညီသည်။

တာဝန်ယူမှုနှင့် တာဝန်ခံမှု - အခြားအလုပ်ကျင့်ဝတ်ဆိုင်ရာ အရည်အသွေးတစ်ရပ်မှာ လုပ်သမျှ အလုပ်အားလုံးအတွက် တာဝန်ခံခြင်း ဖြစ်သည်။ အလုပ်ကျင့်ဝတ် အဆင့်မြင့်မားသူတစ်ဦးသည် သူ လက်ခံထားသည့်အလုပ်များ၊ သူ၏ လုပ်ဆောင်ချက်များ နှင့် သူ၏ အလုပ်မှ ထွက်ပေါ်လာသော ပြဿနာရပ်များအားလုံးအတွက် တာဝန်ယူသူ ဖြစ်သည်။


ဖွဲ့စည်းတည်ဆောက်မှုနှင့် ကောင်းစွာ စုစည်းမှု - အလုပ်ကျင့်ဝတ်ရှိသည့် ဝန်ထမ်းတစ်ဦးသည် ကောင်းစွာ စုစည်းမှုရှိသူ ဖြစ်သည်။ ယင်းက သူ၏အလုပ်ကို လုံလောက် ထိရောက်စွာ ပြုလုပ်နိုင်ရန် အထောက်အကူပြုသည်။ သူ၏ အလုပ်စားပွဲ၌ လိုအပ်သည့် ဖိုင်များသာသပ်ရပ်စွာ နေရာချထားခြင်းမျိုးကို တွေ့ရမည်ဖြစ်သည်။

အသွင်အပြင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု - အလုပ်ကျင့်ဝတ်ရှိသူသည် ဝတ်စားဆင်ယင်မှုနှင့်အတူ သူ၏ အသွင်အပြင်အားလုံးက သူ၏ အလုပ်အကိုင်အဆင့်အတန်းနှင့် ကိုက်ညီ၍နေသည်။ အဝတ်အစားများ သန့်ပြန့်နေခြင်း၊ ခေါင်းကို အကျအနဖြီးထားခြင်း၊ သွားကို အသေအချာ တိုက်လာခြင်းနှင့် အနံ့ဆိုးများမထွက်အောင် အနံ့ပျောက်စေသည့်ဆေးများ အသုံးပြုခြင်းတို့ကို တွေ့ရမည်ဖြစ်သည်။

အပြောင်းအလဲမရှိ တစ်သမတ်တည်းရှိခြင်းနှင့် ပရော်ဖက်ရှင်နယ်ဆန်ခြင်း - ခိုင်မာသည့် အလုပ်ကျင့်ဝတ်ရှိသူသည် အလုပ်ပြီးမြောက်ရေးနှင့် စနစ်တကျ လုပ်ကိုင်ရေး သေချာအောင် ပြုလုပ်လိုသည့် ဝီရိယမျိုးရှိသည်။ အဓိပ္ပာယ်မှာ အလုပ်ကို တစ်သမတ်တည်း ပြီးမြောက်အောင်လုပ်ကိုင်ပြီး ထိရောက်လုံလောက်စွာ ဆောင်ရွက်တတ်ခြင်း ဖြစ်သည်။

လူသားဆန်၍ ကြင်နာမှုရှိခြင်း - အလုပ်ကျင့်ဝတ်ကောင်းသော ဝန်ထမ်းတစ်ဦးသည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသော်လည်း အလုပ်ခွင်ထဲ၌ ခန်းကြီးခမ်းနား မော်ကြွားမှုမျိုး မရှိပေ။ မိမိကိုယ်ကိုယ် နှိမ့်ချကာ အခြားသူများအပေါ် ကြင်နာတတ်လျက် အကူအညီ ပေးတတ်သူ ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ အလုပ်ကျင့်ဝတ်အားကောင်းသူများကိုသာ အလုပ်ရှင်များသာမက လုပ်ဖော်ကိုင်ဖက်များကပါ လေးလေးစားစား လိုလားကြမည်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment