Friday, July 12, 2019

အာဇာနည်တို့ကို အားနာသင့်ပြီ

အာဇာနည်ဆိုသည့်စကားလုံးကို လူတိုင်း တန်ဖိုးထားကြသည်။ မြန် မာနိုင်ငံသာမက ကမ္ဘာကြီး၏ ဒေသတစ်ဝန်းမှာ အာဇာနည်များ များ စွာ ပေါ်ထွက်ခဲ့ဖူး၏။ အာဇာနည် ဆိုသည့် ဘွဲ့ထူးဂုဏ်ထူးကို ပိုင် ဆိုင်ခွင့်ရဖို့ဆိုတာ တကယ်ကို မလွယ်လှပါ။ မိမိအသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စားနိုင်ရပေ မည်။ အသက်သေမှာကို မကြောက်ရုံနှင့် အာဇာနည် မမည် သေး။ ဖြူစင်သော နှလုံးသားနှင့် ဖြောင့်မတ်သော စိတ်ထားရှိဖို့ လည်း လိုအပ်ပါသေးသည်။ အနစ် နာခံနိုင်ရပါမည်။ အတ္တများ နည်း ပါးရမည်။ ငါ့အကျိုးဆိုသည့် တစ်ဘို့တည်းကိုမကြည့်ဘဲ  အများအကျိုးကို ရှေးရှုလုပ်ဆောင်နိုင်ရပါမည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးမှသာ အာဇာနည်အဖြစ် အများက လက်ခံကြမှာ ဖြစ်လေသည်။

  ကျွန်တော်တို့နိုင်ငံတွင် ခေတ်အဆက်ဆက်၌ အာဇာနည် သူရဲကောင်းများ  ပေါ်ထွက်ခဲ့ သည်။ ၎င်းပုဂ္ဂိုလ်ကြီးများ၏ အ ကြောင်းများကို သမိုင်းစာမျက်နှာ ထက်၌ အထင်ကရဖော်ပြခဲ့ကြ သည်။ ထိုအာဇာနည်ပုဂ္ဂိုလ်ကြီး များအား ဂုဏ်ပြုရန် နေ့ထူးနေ့ မြတ်တစ်ခုကိုလည်း သတ်မှတ်ထားခဲ့သည်။ နှစ်စဉ် ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့အား ကျင်းပခဲ့ကြ၏။

ဇူလိုင် ၁၉ ရက် အာဇာနည် နေ့သည်ကား အလွယ်တကူ ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်။ လွန်ခဲ့ သော ၇၂ နှစ်၏ ထိုနေ့တွင် တိုင်းပြည်တစ်ခုလုံး၏ နှလုံးသားများ ကြေမွခဲ့ရသည်။ တိုင်းပြည်တစ်ခု လုံး၏ အနာဂတ်ရောင်ခြည်များ မှေးမှိန်ခဲ့ရသည်။ မျက်ရည်မိုးများ ဖြိုင်ဖြိုင်ကျခဲ့ရသည်။ ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ အတွင်းဝန် ဦးအုန်းမောင် စသော ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အတွင်းဝန် ရုံး၌ စည်းဝေးတိုင်ပင်နေခဲ့ကြ သည်။ မိုးရာသီအခါသမယမို့ မိုးဖွဲလေးများလည်း ကျဆင်းနေ၏။ ထိုအချိန်တွင် နံပါတ်တုတပ်ထား သော ဂျစ်ကားတစ်စီးသည် ခေါင်းဆောင်ကြီးများအတွက် မရဏမင်းကို ခေါ်ဆောင်လာခဲ့လေ၏။ ဆင်ခြင်ပိုင်းခြားဉာဏ် နည်းပါး လှသော လူ့ဗာလလေးဦးသည် အတွင်းဝန်ရုံးထဲသို့ ဝင်ရောက် လာကာ သေနတ်ဖြင့် တရစပ်ပစ် ခတ်ခဲ့ကြလေသည်။ ရဲရဲနီသော သွေးတို့ကား ခန်းမတွင်း လွှမ်းခြုံ သွားခဲ့လေသည်။

အာဇာနည်များ ပေါ်ထွန်း သည့် နေရာဒေသသည် အကျိုး စီးပွားဖြစ်ထွန်း၍ ဂုဏ်ရှိန်တိုး တက်သကဲ့သို့ အာဇာနည်များ ဆုံးရှုံးရသည့်အခါမှာလည်း နှလုံးသားများ ပဲ့ကြွေသလို ခံစားကြရ လေ၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများအား ဆုံးရှုံး လိုက်ရခြင်းသည် မြန်မာပြည်သူများအတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်၏။ အရှိန်အဟုန် နှင့် ထွန်းတောက်မည့် မီးညွန့်အား ရေဖြင့် ဖျန်းပက်လိုက်သကဲ့သို့ရှိချေ၏။ နှောင်းလူဖြစ်သော ကျွန်တော်တို့အတွက် ကံဆိုးခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။

အာဇာနည်ကြီးများ၏ သက်စွန့်ကြိုးပမ်းမှုများကြောင့် ၁၉၄၈ခုနှစ်တွင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပါသည်။ အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို လေးစားသတိရသောအားဖြင့် အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ကြသည်။‘‘ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်း ဆောင်ကြီးများအား အလေးပြု’’ ဟူ၍ ကျွန်တော်တို့ ဦးညွှတ်ခဲ့ကြ ပါသည်။ အာဇာနည်နေ့ရောက် တိုင်း အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို ဟိုနေရာ၊ သည်နေရာ စသည်ဖြင့် နေရာစုံ၌ ချီးမွမ်းဂုဏ်ပြုသံများ ကြားနေရပါသည်။ ကျွန် တော်တို့တစ်တွေဟာ ရုပ်ခန္ဓာဖြင့် အာဇာနည်ကြီးများအား အရိုအ သေပြုကြသော်လည်း   စိတ်အတွင်းသဏ္ဌာန်များက အမှန်တကယ် အလေးပြုခြင်း ရှိ၊ မရှိကို လည်း ဆန်းစစ်ဖို့ လိုပါသည်။

အာဇာနည်ကြီးများ၏ ဂုဏ် ကျေးဇူးကို အမှန်တကယ် တန်ဖိုး ထားလေးစားပါလျှင် အာဇာနည် ကြီးများ ညွှန်ပြခဲ့သော လမ်းညွှန်မှု များအား လိုက်နာဖို့ လိုပါသည်။ အာဇာနည်ကြီးများ အသက်ပေး ရယူခဲ့သော  နိုင်ငံတော်ကို  ကာကွယ်စောင့်ရှောက်ရပါမည်။ အာဇာနည်ကြီးများ ကြိုးစား၍ မျိုးစေ့ ချပေးခဲ့သော စည်းလုံးမှုများကို ဆက်လက် ထိန်းသိမ်းထားရပါ မည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်မျိုး ပိုင်ဆိုင်နိုင်အောင် လေ့ကျင့်မွေးမြူရပါမည်။ ရဲဘော် ကိုထွေးကဲ့သို့ နိုင်ငံအတွက် လူ ငယ်များ အင်တိုက်အားတိုက် ပါဝင်ရပါမည်။ ‘‘အနာဂတ်ဗမာနိုင်ငံ အတွက် လူငယ်တွေ ပါဝင်ရပါ မယ်။ လူငယ်တွေ အများကြီးလို အပ်ပါတယ်ဆိုလို့ ဆရာကြီးဦးရာဇတ် အနားမှာ လာရောက်နေထိုင် တာပါ’’ ဟု ဆိုခဲ့သော ရဲဘော်ကိုထွေး၏စကားမှာ လူငယ်များကို မီးမောင်းထိုးပြသကဲ့သို့ရှိ၏။

‘‘တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင် တိုက်အားတိုက်လုပ်နိုင်မှ အကျိုး ခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြား ပြားလုပ်နေရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်မှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်မယ်’’ဟု ဆိုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းစကားမှာ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် အထူးသတိချပ်သင့် သော စကားများဖြစ်လေသည်။

 ‘‘ဗမာတွေရဲ့ စိတ်ဓာတ် ထက်မြက်တယ်ဆိုတာ တလွဲမှာ ဆံပင်ကောင်းနေတာပဲ။ တကယ့် နေရာမှာ အသုံးမကျဘူး။ ဗမာ ဗမာချင်းချဖို့ လုပ်ချင်တယ်။ ပြန်လည်ထူထောင်ရေး လုပ်တဲ့နေ ရာမှာ အသုံးမချချင်ဘူး။ ဗမာအ ချင်းချင်း ချဖို့လုပ်တယ်။ ဒါတွေ လုပ်ချင်ရင် ဘယ်တော့မှ အကျိုး ခံစားခွင့်ရှိမှာ မဟုတ်ဘူး။ လွတ် လပ်ရေးလည်း ကျကျနနလုပ်လို့ မဖြစ်ဘူး။ အဲဒီလိုစိတ်ဓာတ်မျိုးကို လုံးဝဖျောက်ဖျက်ပစ်ဖို့ လိုတယ်။ ကျွန်တော်က ဘာလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အထိ ရှုံးမယ်ထင်သည်ဖြစ်စေ၊ နိုင်မယ်ထင် သည်ဖြစ်စေ မလျှော့တမ်းဇွဲနဲ့ လုပ်သွားမယ်’’ဟူသော ဗိုလ်ချုပ်မိန့်ခွန်း၊ ဗိုလ်ချုပ်၏အမှာစကားအား ယနေ့ခေတ် ကျွန်တော်တို့တစ် တွေ မည်မျှထိ လိုက်နာဆောင် ရွက်ကြသလဲဆိုတာ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေပြီဖြစ်၏။

‘‘မေးချင်ပါတယ် တိုင်းပြည် နဲ့ လူမျိုးအတွက်၊ ကိုယ့်နယ်အ တွက် ဘယ်လောက်ထိ လုပ်ဆောင် ပြီးပြီလဲ။ ဒီလို မလုပ်ရ သေးဘဲ တိုင်းပြည်ကို ချစ်ပါတယ် ဆိုတာဟာ အများအတွက် ရယ်စ ရာဖြစ်နေမှာပေါ့’’ ဟု ဆိုခဲ့သော အာဇာနည်ကြီး ဦးအုန်းမောင်၏ စကားတစ်ခွန်းကလည်း ယနေ့ ခေတ် ကျွန်တော်တို့တစ်တွေအား လှမ်းကြည့်၍ ဆိုနေသကဲ့သို့ ရှိပါ သည်။

           ကျွန်တော်တို့အားလုံးသည် အာဇာနည်နေ့ရောက်တိုင်း အခမ်း အနားကြီးများ ပြုလုပ်၍ အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို အလေးပြုနေရုံဖြင့် မပြည့်စုံနိုင်ပါ။ အာဇာနည်ကြီးများ၏ မှာကြား စကားများကို လိုက်နာခြင်းမရှိဘဲ၊ အာဇာနည်ကြီးများ၏ စိတ်ဓာတ် နှင့် စွမ်းဆောင်ရည်များကို အတုယူကြိုးစားခြင်းမရှိဘဲ အလေးပြု ရုံသက်သက်ဖြင့်သာ ဂုဏ်ပြုဦး ညွှတ်နေသည်ကို အာဇာနည်ကြီး များ ကြားသိလျှင်လည်း နှစ်သက် လိမ့်မည်မဟုတ်ဟု ထင်မိပါ သည်။ ထို့ကြောင့် နှစ်စဉ် အာဇာနည်နေ့ရောက်မှ အာဇာနည်ကြီးများကို ဦးညွှတ်အလေးပြုခြင်းမျိုး မဟုတ်ဘဲ အချိန်တိုင်း၊ နေ့ရက် တိုင်း အာဇာနည်ကြီးများ၏ လမ်း ညွှန်မှုများ၊ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်များကို လိုက်နာကျင့် သုံး၍ နိုင်ငံတော်ကို ငြိမ်းချမ်း အောင်၊ တိုးတက်စည်ပင်အောင် စွမ်းဆောင်ကြရပေမည်။

အဘိုးအဘွား အာဇာနည်တို့ ၏ သွေးများဖြင့် ရင်းနှီးပေးဆပ်၍ နိုင်ငံ့လွတ်လပ်ရေးနှင့်   ကိုယ့် ကြမ္မာကိုယ် ဖန်တီးနိုင်သော အချုပ်အခြာအာဏာကို ကျွန်တော် တို့နှောင်းလူများလက်ထဲ ဝကွက်ပေးအပ်ခဲ့ပြီးပြီ။ ယနေ့ခေတ် ကျွန်တော်တို့အားလုံး မိမိတို့၏ လုပ်ရပ်၊ မိမိတို့၏ အတွေးအကြံ၊ မိမိ တို့တိုင်းပြည်အပေါ်ထားသော စေတနာ၊ မေတ္တာ၊ စာရိတ္တတို့ကို အသေအချာ ဆန်းစစ်ဖို့ လိုအပ်နေ ပါပြီ။အာဇာနည်တို့ ပေးဆပ်ခဲ့ သော သွေးများဟာ ကျွန်တော်တို့ ခြေဆေးပစ်ဖို့အတွက် မဟုတ်ပါ။ ဟုတ်ကဲ့... ကျွန်တော်တို့အားလုံး အာဇာနည်တို့ကို အားနာသင့်ပြီ ဆိုတဲ့အကြောင်း ကဗျာလေးတစ်ပုဒ်နှင့် နိဂုံးချုပ် သတိပေးရေးသား လိုက်ရပါသည်။

ဒီနေ့ကိုမမေ့နိုင်ဘူး

 ဘယ်မေ့နိုင်မလဲ

 တိုင်းပြည်ရဲ့ နှလုံးသားတွေ

ကြွေခဲ့ရတာ

ဒီလကိုမမေ့နိုင်ဘူး

ဘယ်မေ့နိုင်မလဲ

တိုင်းပြည်ရဲ့ အနာဂတ်တွေ

ရိုက်ချိုးခံခဲ့ရတာ

ဗိုလ်ချုပ်ကို မမေ့နိုင်ဘူး

ဘယ်မေ့နိုင်မလဲ

သူ့မှာ စံတင်ထိုက်တဲ့ နှလုံး

သား ပိုင်ဆိုင်နေခဲ့တာ

ဒီနေ့ကိုမမေ့ရုံနဲ့

လုံလောက်မှုရှိရဲ့လား

အဘိုးအဘွားတို့ရဲ့ နှလုံးသားကို ပြန်မေးကြည့်ရမယ်

ဒီလကိုမမေ့ရုံနဲ့

လုံလောက်မှုရှိရဲ့လား

တိုင်းပြည်ရဲ့အတိတ်ကို

ပြန်မေးကြည့်ရမယ်

ဗိုလ်ချုပ်ကိုမမေ့ရုံနဲ့

လုံလောက်မှုရှိရဲ့လား

ငါတို့သေချာ ဆန်းစစ်ဖို့လိုပြီ

ငါတို့ရဲ့လုပ်ရပ်

ငါတို့ရဲ့အကျင့်အကြံ

ငါတို့ရဲ့စာရိတ္တ

အားလုံးကို ဆန်းစစ်ဖို့

လိုနေပြီ

ငါတို့အားလုံး

အတိတ်ကို အားနာရမယ်

အာဇာနည်တွေကို

အားနာရမယ်

ဘိုးဘွားတွေ ပေးဆပ်ခဲ့တဲ့

သွေးတွေဟာ

ငါတို့ခြေဆေးဖို့

မဟုတ်ဘူးဆိုတာ

 နားလည်ခံစားပေးမယ့်

နှလုံးသား ဘယ်ဘက်

ရင်အုံအောက်မှာ

မဖြစ်မနေ တပ်ဆင်သင့်ပြီ

ငါတို့

အာဇာနည်တွေကို

အားနာသင့်ပြီ။ 

No comments:

Post a Comment