Tuesday, May 14, 2019

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်မတော်တဆမှု ဖြစ်ပွားခဲ့သည့် Biman ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ်အား လေယာဉ်ပြေးလမ်းမှ ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း သိရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် Biman ဘင်္ဂလားဒေရှ့် လေကြောင်းလိုင်း လေယာဉ်အား ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်းမှ ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဖယ်ရှားခြင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံခန့်ခွဲမှုများကို ဆောင်ရွက်နေသည့် YACL မှာ တာဝန်ယူဖယ်ရှားခြင်းဖြစ်ပြီး ကုန်ကျစရိတ်များအား သက်ဆိုင်ရာ လေကြောင်းလိုင်းက ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။



လက်ရှိတွင် အဆိုပါလေယာဉ်အားအပိုင်းသုံးပိုင်းခွဲခြားပြီး ဖယ်ရှားခဲ့ခြင်း ဖြစ်ကာ ရန်ကုန်လေဆိပ်လေယာဉ်ပြေးလမ်းနှင့် လွတ်ကင်းရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“လေယာဉ်ကို ရွှေ့ပြီးပါပြီ။ ရွှေ့တဲ့အခါမှာ သုံးပိုင်းခွဲပြီး ရွှေ့ခဲ့တယ်။ လေယာဉ်ပြေးလမ်းနဲ့ လွတ်ကင်းတဲ့ မီးသတ် အဆောက်အအုံ အနောက် မြေကွက်လပ်ကို ရွှေ့ပြောင်းထားပါတယ်။ အခု ရွေ့ပြောင်းတာကတော့ အော်ပရေတာဖြစ်တဲ့ YACL ကပဲပေါ့။ နောက်တော့မှသာ သက်ဆိုင်ရာ လေကြောင်းလိုင်းနဲ့ ညှိနှိုင်းပြီး ကုန်ကျစရိတ်တွေ ရှင်းလင်းရမှာပေါ့” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပြခဲ့သည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။ ယင်းပြင် ရန်ကုန်လေဆိပ်တွင် လေယာဉ်ပြေးလမ်း ပျက်စီးမှုများအတွက် ရန်ကုန်လေဆိပ်၏ စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်နေသည့် YACL ထံသို့ ဘင်္ဂလားဒေရှ့် လေကြောင်းလိုင်းမှ ပေးလျော်သွားရန် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မေ ၈ ရက် ညနေ ၆ နာရီ ၅၂ မိနစ်ခန့် က Biman ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်း ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့၍ လေယာဉ်တောင်ပံ ကျိုးကာ ကိုယ်ထည် တွန့်ခေါက် ပျက်စီးခဲ့ပြီး လေယာဉ် အမှုထမ်းများ အပါအဝင် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ် မတော်တဆမှုကြောင့် ဒဏ်ရာရှိသူများမှာ လေယာဉ်အမှုထမ်း ငါးဦးနှင့် ခရီးသည် ၁၃ ဦး တို့ဖြစ်ကြောင်း သိရသည်။

“ ဌာနအနေနဲ့ ကတော့ ဝန်ကြီးဌာနက Aircraft Investigation Board ဖွဲ့စည်းပြီး accident , incident စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ Result ကတော့ အခု ချက်ချင်း မထွက်သေးဘူး။ အခုအကြမ်းဖျင်း သုံးသပ်ချက်ကတော့ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်လေးလည်း လိုအပ်မယ်လို့ သုံးသပ်ပါတယ်။ ဒါကတော့ တကယ်တမ်း စုံစမ်း စစ်ဆေးမှုတွေ ရလဒ် ထွက်လာတဲ့အခါမှ အတိအကျ ပြောလို့ရပါမယ်။ ကျွန်တော်တို့ အခု Investigation Board ရဲ့စစ်ဆေးမှု ပြီးသွားတဲ့အခါမှာ ထွက်လာတဲ့ ရလဒ်ပေါ် မူတည်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေရှ့်က လေကြောင်း အာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး ညှိနှိုင်း ဆွေးနွေးဖို့ ရှိတယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းနဲ့လည်း ရန်ကုန်လေဆိပ် ရဲ့ Airport Operator ဖြစ်တဲ့ YACL နဲ့ ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် ပျက်စီးမှုတွေ ရှိတာတွေကို တာဝန်ရှိတဲ့ဘက်က ပေးလျော်ရမယ့် အပိုင်းတွေလည်း ရှိပါတယ်။

ထိုသို့ လေယာဉ် မတော်ဆမှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်မည့် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများမှ လေယာဉ်များနှင့် ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်များသည် အတက်အဆင်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ ရန်ကုန်လေဆိပ်အား ခေတ္တပိတ်ထားခဲ့ပြီး ည ၉ နာရီတွင် လေယာဉ်ပြေးလမ်းအား ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အမှတ် BG 060 ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းလာခြင်း ဖြစ်ကာ လေယာဉ်အမှုထမ်း ခြောက်ဦး၊ ခရီးသည် ၈၂ ဦး (ရင်ခွင်ပိုက် တစ်ဦး) ပါဝင်ခဲ့သည်။

No comments:

Post a Comment