Tuesday, May 14, 2019

စံချိန်တင်နေ့အပူချိန်များ မြင့်တက်နေသည့် မကွေးတိုင်းဒေသကြီးအတွင်း အပူရှောင်စခန်း ၄၀ ကျော် ဖွင့်လှစ်

ယခုနှစ် နွေရာသီတွင် စံချိန်တင်နေ့အပူချိန်များ မြင့်တက်နေသည့် မကွေးတိုင်းဒေသကြီး မကွေး၊ ချောက်၊ ပခုက္ကူမြို့နယ်များတွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များက အပူရှောင်စခန်း ၄၄ ခုကို မေ ၁၀ ရက်ကျော်မှ စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် မေလဆန်းပိုင်းက ၄၇ ဒီဂရီစင်တီဂရိတ်အထိ နေ့အပူချိန် စံချိန်သစ်တင် မြင့်တက်ခဲ့ကြောင်း မေလလယ်ပိုင်းအထိ အပူချိန်လျော့ကျမှု မရှိခဲ့သည့်အပြင် လျှပ်စစ်မီးလည်း အလှည့်ကျသာ ရရှိနေသောကြောင့် အပူရှောင်စခန်းများကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။



အပူရှောင်စခန်းများကို လူကယ်ပြန်ဌာနမှ မကွေးမြို့တွင် လေးခု၊ ပခုက္ကူမြို့တွင် အခု ၂၀ ဖွင့်လှစ်ပေးထားပြီး ထမင်း၊ အချိုရည်၊ သောက်ရေသန့်များ ပံ့ပိုးပေးသည့်အပြင် သွားလာရေးအတွက်လည်း သုံးဘီးဆိုင်ကယ်များ စီစဉ်ထားရှိကြောင်း၊ ချောက်မြို့တွင် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ဓမ္မာရုံများတွင် အပူရှောင်စခန်း အခု ၂၀ ကို ဖွင့်လှစ်ထားကြောင်း သိရသည်။

“နှစ်တိုင်းနဲ့ မတူဘူး။ ပူလည်းပူတယ်။ နေလို့ထိုင်လို့ မရဘူး။ မီးမမှန်တဲ့ဟာတွေနဲ့ ပတ်သက်တော့လည်း အိမ်နေရင်မရဘူး။ ပန်ကာလေလေးလာရင် ခဏလေးသက်သာတယ်။ ပန်ကာကမရတော့ ၂၄ နာရီ ယပ်ခပ်ပြီးလည်း မနေနိုင်ဘူး။ ဒီလိုအပူရှောင်နေရာလေးတွေ ရှိတယ်ဆိုတော့ လာရတာပါ”ဟု မကွေးမြို့ မြို့ပတ်လမ်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် အပူရှောင်စခန်းသို့ လာရောက်ခိုလှုံသူ အ သက် ၆၅ နှစ်ရှိ ဦးဉာဏ်လင်းက ဆိုသည်။

မကွေးမြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်ဇော်က “ခုလို ရာသီဥတု ပူပြင်းလာချိန်မှာ အပူရှောင်စခန်းတွေက ဒီထက်မက အရေအတွက်များများ ဖွင့်လှစ်သင့်ပါတယ်။ အခုလည်း တော်တော်ပူပါတယ်။ ပူတဲ့အခါကျတော့ ဒီမှာ ၀ါးကွပ်ပျစ်တွေ၊ သောက်ရေအိုးတွေ အကာတွေနဲ့ သေချာကျကျနန လုပ်ထားပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့ ရပ်ကွက်တွေမှာရှိတဲ့ နေထိုင်မကောင်းတဲ့လူတွေ၊ သက်ကြီးရွယ်အိုတွေ အပူဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။ မီးကလည်းမမှန် တဲ့အခါကျတော့ အိမ်မှာနေတဲ့အခါ မီးလာနေရင် အကြောင်းမဟုတ်ဘူး။ အဲကွန်းတပ် နိုင်တဲ့လူ၊ ပန်ကာတတ်နိုင်တဲ့လူက နေလို့ရပေမယ့် အဲကွန်းမတပ်နိုင်တဲ့ ပြည်သူတွေက အတော်များများ ဖြစ်နေတဲ့အတွက် သူတို့အတွက် အပူဒဏ်ကိုရှောင်ဖို့အတွက်က ဒီလိုအပူရှောင်စခန်းတွေမှအပ အခြားတော့ သိပ်မရှိပါဘူး။ အပူရှောင်စခန်းတွေ များများဖွင့်သင့်ပါတယ်” ဟု ပြောကြားသည်။

မကွေးမြို့ပေါ်တွင် မြို့ပတ်လမ်းရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ မဲထီးလမ်းရှိ မဟာဓမ္မိကာ ရာမကျောင်းတိုက်၊ အောင်မေတ္တာရပ်ကွက်ရှိ ရတနာသိဒ္ဓိ ကျောင်းတိုက်၊ အောင်မင်္ဂလာရပ်ကွက်ရှိ သာသနာ့ဗိမာန်ကျောင်းတိုက်တို့တွင် လူဦးရေ ၈၀ ခန့် နားနေနိုင်မည့် အပူရှောင်စခန်းများ ဖွင့်လှစ်ထားကြောင်း၊ ထိုစခန်းများသို့ လူဦး ရေလာရောက်မှုများပြားလာပါက ထပ်မံတိုး ချဲ့ရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment