Tuesday, May 14, 2019

လူ့အခွင့်အရေး အုပ်စုများ၏ ဟန့်တားခံရသည့် ဆော်ဒီသင်္ဘော စပိန်ဆိပ်ကမ်း ရောက်ရှိ

ပြင်သစ်ဆိပ်ကမ်းကနေ လက်နက်ကုန်သေတ္တာ တင်လို့မရအောင် လူ့အခွင့်အရေး အုပ်စုတွေရဲ့ ဟန့်တားခံရတဲ့ ဆော်ဒီသင်္ဘောတစီးဟာ စပိန်ဆိပ်ကမ်းမြို့ ဆန်တန်ဒါကို မေလ ၁၃ ရက်က ရောက်လာပါတယ်။ ဒီသင်္ဘော ဘာလာလုပ်တာလဲ၊ ဒါမှမဟုတ် ဘယ်လောက်ကြာကြာ ကျောက်ချရပ်နားမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီသင်္ဘောနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ သူတို့မှာ မရှိဘူးလို့ စပိန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။



ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေဆီ ဆက်သွယ်ပြီး မှတ်ချက်တောင်းတာလည်း မရသေးပါဘူး။

လက်နက်တင်ပို့မှုဟာ ယီမင်နိုင်ငံထဲက အရပ်သားတွေကို တိုက်ခိုက်ရာမှာ သုံးကောင်း သုံးနိုင်လို့ ကုလသမဂ္ဂ သဘောတူညီချက်နဲ့ ငြိစွန်းနေတယ်လို့ ပြင်သစ် လူ့အခွင့်အရေးအုပ်စု ACAT က မေလ ၉ ရက်မှာ တရားရေး စိန်ခေါ်မှုအတွင်း ငြင်းခုန် ပြောဆိုထားပါတယ်။

ပြင်သစ်လက်နက်တွေကို ယီမင် ပြည်တွင်းစစ်အတွင်း အရပ်သားတွေကို တိုက်ခိုက်တဲ့ နေရာမှာ သုံးခဲ့တယ်လို့ ပြင်သစ်အခြေစိုက် DRM စစ်ထောက်လှမ်းရေး အေဂျင်စီက ရေးပြီး စုံစမ်းစစ်ဆေးမှု အင်တာနက်စာမျက်နှာ Disclose ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ယီမင်နိုင်ငံထဲမှာ အီရန်နဲ့ မဟာမိတ် ဟူသီသူပုန်တွေနဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေကြား စစ်ပွဲကြောင့် ထောင်သောင်းချီတဲ့ လူတွေ သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်း ပေါ်ပေါက်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းကတော့ ဆော်ဒီအစိုးရဟာ အရပ်သားတွေကို တိုက်ခိုက်တဲ့နေရာမှာ လက်နက်တွေကို မသုံးဘူးလို့ အာမခံခဲ့ကြောင်း ပြောရင်း လက်နက် တင်ပို့ရောင်းချမှုကို ကာကွယ် ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment