Tuesday, May 14, 2019

ညောင်ဦးမြို့နယ်မှာ ဒေါင့်သန်းရောဂါ လက္ခဏာ သံသယရှိသူ(၁၀)ဦးထိရှိလာ

သေဆုံးခဲ့တဲ့ နွားကို အမဲဖြတ်ကိုင်မိ စားမိတဲ့ ရွာသား(၁၈၆)ဦးထဲမှ ဒေါင့်သန်းရောဂါလက္ခဏာ ခံစားရတဲ့ သူ (၁၀)ဦးထိရှိလာတာပါ။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါးလင်းပုတ်ကျေးရွာမှာ သေဆုံးသွားတဲ့ နွားကို နွားပိုင်ရှင်နဲ့ ရွာသားတွေက ကိုင်တွယ် အမဲဖြတ်စားသောက်ကြရာ စားသောက်ပြီး (၃)ရက် (၄)ရက်အကြာမှာတော့ စားသုံးသူတွေရဲ့ အရေပြားပေါ်မှာ အပူနာလိုမျိုး အရည်ကြည်ဖုများထွက်လာခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ဒေါင့်သန်းရောဂါလက္ခဏာဖြစ်ပြီး သေဆုံးခဲ့တဲ့ နွားမှာ ဒေါင့်သန်းရောဂါနဲ့ သေဆုံးတဲ့ သံသယဖြစ်ဖွယ်တွေ့ရှိတာကြောင့် ရောဂါကူးစက်သံသယရှိဖွယ် ရွာသားတွေကို ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ဆေးရုံကိုပို့သပြီး ဆေးကုသပေးလျက်ရှိရာမှာ စိုးရိမ်ရတဲ့ အနေအထားမရှိကြောင်းသိရပါတယ်။


ဒီကိစ္စနဲ့ ပက်သက်ပြီး ညောင်ဦးမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ “ သေတဲ့နွားကိုစားမိ ကိုင်တွယ်မိတဲ့ ရွာသားတွေက (၁၈၆) ဦးတောင်ရှိတယ် အခုလိုရောဂါလက္ခဏာ ဖြစ်တာက (၁၀)ဦးထိရှိလာတာကြောင့် ကျန်တဲ့သူတွေကို ကာကွယ်ဆေး ဖြေဆေးတွေထိုးပေးထားတယ် ဒီရောဂါကြောင့် လူ့အသက်သေဆုံးနိုင်မှုတွေလည်းဖြစ်နိုင်တယ် အချိန်မှီမကုသနိုင်တဲ့အနိုင်အထားပေါ်မူတည်ပြီး ရောဂါကပြင်းထန်နိုင်တယ် ခုဖြစ်ပွားတဲ့ သူတွေကိုက အချိန်မှီ ကုသမှုဆောင်ရွက်နိုင်ခဲ့တယ် “လို့ ညောင်ဦးမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်လင်းကပြောပါတယ်။

ဒါင့်သန်းရောဂါဟာ အပူချိန် မြင့်တဲ့ ရာသီဥတုအခြေအနေမှာ ဖြစ်ပေါ်နိုင်ပြီး ညောင်ဦးမြို့ရဲ့ ယခုနှစ် အပူချိန်ကလည်း ၄၄ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။4

ငါးလင်းပုတ်ကျေးရွာမှာ အခုလို ဒေါင့်သန်းရောဂါသံသယရှိဖွယ် ဖြစ်ပြီးနောက် ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်းရှိ ကျေးရွာ (၃၈)ရွာ ၊ နွားအကောင် (၆၄၁၆)ဦး ၊ ဆိတ်ဘဲ (၁၀၀၆) ဦးကို ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွေကို ညောင်ဦးမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်နေပြီလို့ သိရပါတယ်။

No comments:

Post a Comment