Tuesday, May 14, 2019

စည်းမျဉ်းပြောင်းသည့်အတွက် အမတ်နေရာ ရသွားသော ပါတီငယ်များက ထိုင်းစစ်အစိုးရ ခေါင်းဆောင်ကို ထောက်ခံကြမည်

ထိုင်းတွင် အငြင်းပွားဖွယ် ရွေးကောက် ပွဲစည်းမျဉ်း အပြောင်းအလဲကြောင့် ပါလီမန်ထဲ၌ အမတ်တစ်နေရာစီ ရရှိခဲ့သည့် ထိုင်းပါတီငယ် ၁၁ ခုက စစ်တပ် လိုလားသည့် အဓိက ပါတီကို ထောက်ခံမည့်အကြောင်း ထိုပါတီ ခေါင်းဆောင်များက မေ ၁၃ ရက်တွင် ပြောခဲ့ကြသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်နေရာကို ရရှိလာသည့် စစ်အစိုးရ ခေါင်းဆောင်မှာ အာဏာ၌ ဆက်လက် တည်မြဲနိုင်စေရန် လုံလောက်သည့် မဲအရေအတွက်ကို ရနိုင်တော့မည် ဖြစ်သည်။

စစ်ဦးစီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ အနိုင်ရရန် သေချာစေရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်သည် အကြံအဖန်များ လုပ်ခဲ့သည်ဟု အတိုက်အခံ ဒီမိုကရက်တစ်တပ်ဦးက စွပ်စွဲခဲ့ပြီးနောက် ယခုဖြစ်စဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ゞင်း၏ပါတီနှင့် အခြား ၁၀ ပါတီသည် ဖာလန်ပရာချက် ပါတီနှင့်အတူ ညွန့်ပေါင်းဖွဲ့မည်ဟု ပွန်လာမောင်ထိုင်းပါတီ၏ ခေါင်းဆောင် ဆမ်ပမ်လာနူဝပ်က ပြောကြားခဲ့သည်။  ဖာလန်ပရာချက်ပါတီအား ဦးဆောင်နေသည့် စစ်အစိုးရ သစ္စာခံများသည် ပရာယွတ် ချန်အိုချာကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းထားကြခြင်း ဖြစ်သည်။


‘‘ အချင်းချင်း ဆွေးနွေးပြီးနောက်မှာ ပါလီမန်အဖွဲ့ဝင် ၁၁ ဦးဖြစ်တဲ့ ကျွန်တော်တို့ဟာ ပရာယွတ် ချန်အိုချာကို ထောက်ခံဖို့ ဆုံးဖြတ်ထားပါတယ်။ အစိုးရအဖွဲ့သစ်ကိုလည်း ဖာလန်ပရာချက်ပါတီက ဦးဆောင်ဖို့အတွက် ထောက်ခံပါတယ်” ဟု ဆမ်ပမ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပါတီငယ်များ၏ ပြောကြားချက်ကို အသိအမှတ်ပြုရန် ဖာလန်ပရာချက်ပါတီ ခေါင်းဆောင် အူတမာဆာဗန်နာယာနာသည် သတင်းစာရှင်းလင်းပွဲသို့ လာရောက်ခဲ့ပြီး ပါတီငယ် ခေါင်းဆောင်တို့နှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည်။

အောက်လွှတ်တော်ထဲတွင် အမတ်နေရာအများစု ရရှိနိုင်စေရေးအတွက် အခြားပါတီများ ပါဝင်လာစေရန် လုပ်ဆောင်နေဆဲဟုလည်း အူတမာက ပြောကြားခဲ့သည်။

ရွေးကောက် တင်မြောက်ထားသော အောက်လွှတ်တော်နှင့်အတူ ဝန်ကြီးချုပ်သစ်အား ရွေးချယ်ရမည့် အထက်လွှတ်တော်ထဲမှ အမတ်၂၅၀ ကို စစ်အစိုးရက ခန့်အပ်၍ မပြီးသေးသောကြောင့် အစိုးရသစ် ဖွဲ့ရေးမှာ သီတင်းပတ်နှင့်ချီ ကြာဦးမည် ဖြစ်သည်။

သို့သော် ပါတီငယ်များထံမှ ရရှိလိုက်သည့် ၁၁ မဲက ဝန်ကြီးချုပ်နေရာ၌ ပရာယွတ် ဆက်လက် တည်မြဲစေရန် သေချာနိုင်စေဖွယ် ရှိသည်။

အောက်လွှတ်တော်တွင် အမတ်နေရာ ၁၁၅ နေရာ ရရှိထားသည့် ဖာလန်ပရာချက် ပါတီသည် ဝန်ကြီးချုပ်သစ် တင်မြှောက်ရန် လိုအပ်သော (အထက်လွှတ်တော် နှင့်ပေါင်းပြီး) မဲအများစု ဖြစ်သည့် ၃၇၆ မဲကို ရရှိစေရန်အတွက် စုစုပေါင်း ၁၂၆ မဲ လိုအပ်မည် ဖြစ်သည်။

မတ် ၂၄ ရက်က ရွေးကောက်ပွဲ၏ ကနဦး ရလဒ်များအရ ဖြုတ်ချခံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား သစ္စာခံသော ဖြူထိုင်းပါတီက ဦးဆောင်သည့် ဒီမိုကရက်တစ် တပ်ဦးက အမတ်နေရာ ၅၀ဝ ရှိသည့် အောက်လွှတ်တော်ထဲတွင် ၂၅၅ နေရာ ရရှိထားသည်။ သို့သော် ထိုပမာဏသည် ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် အစိုးရက တင်မြှောက်ထားသော အထက်လွှတ်တော်မှ လာမည့် မဲများအား ကျော်လွှားနိုင်ရန် မလုံလောက်ပေ။

ပရာယွတ်ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ကြသည့် ပါတီ ၁၁ ခုသည် မဲဆန္ဒရှင် ၃၅  သန်း ရှိသည်အနက် ၅၄၈,၂၀၈ မဲ ( မဲအားလုံး၏ ၁.၅ ရာခိုင်နှုန်း) ကိုရရှိခဲ့ခြင်း ဖြစ်သည်။ 

No comments:

Post a Comment