Tuesday, May 14, 2019

မလှိုင်မြို့နယ် စီမံကိန်းဦးစီးအရာရှိ နေအိမ် ဖောက်ထွင်းခံရသဖြင့် ဆိုင်ကယ်နှင့် ဖုန်းတစ်လုံး ပျောက်ဆုံး

မလှိုင်မြို့နယ် စီမံကိန်းရုံးဦးစီးအရာရှိ နေအိမ်ဖောက်ထွင်းခိုးယူခံရသဖြင့် ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်ဦးထုပ်တစ်လုံး ပျောက်ဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ မေ ၅ ရက်နေ့မွန်းလွဲပိုင်းက မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက် နယ်မြေ ၁၂ နေ၊ ဦးလှိုင်မျိုး (မလှိုင်မြို့နယ် စီမံကိန်းရုံး ဦးစီးအရာရှိ)သည် အစ်ကိုဖြစ်သူ နာရေးရှိသဖြင့် ဇနီးနှင့်အတူ သွားရောက်လုပ်ကိုင် ကူညီနေစဉ် နေအိမ်အား သမီးဖြစ်သူနှင့် တူမဖြစ်သူသာ ကျန်ခဲ့ရာမှ မွန်းလွဲပိုင်းတွင် တူမဖြစ်သူက နေအိမ်တံခါး မပိတ်ခဲ့ကြောင်းနှင့်
ဖုန်းယူသွားခြင်း ရှိမရှိ မေးမြန်းခဲ့သဖြင့် ဦးလှိုင်မျိုးမှာ တူမဖြစ်သူနှင့်အတူ နေအိမ်အား ပြန်လည်စစ်ဆေးခဲ့ရာ နေအိမ်ရှေ့အဖီတောင်ဘက်တွင် ရပ်တန့်ထားသော ကျပ် ၇၆၀ဝ၀ဝ ကျော် တန်ဖိုးရှိ ဆိုင်ကယ်တစ်စီး၊ ဆိုင်ကယ်ဦးထုပ် တစ်လုံး ၊ခန့်မှန်းတန်ဖိုး ကျပ်သုံးသိန်းခန့်ရှိ ဖုန်းတစ်လုံးတို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် မေ ၁၁ ရက်တွင် ဦးလှိုင်မျိုးက နေအိမ်အတွင်းဝင်ရောက် ခိုးယူသူအား စုံစမ်းအရေးယူပေးရန် မလှိုင်မြို့မရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။ အဆိုပါအမှုအား မလှိုင်မြို့မ ရဲစခန်းက (ပ)၉၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၀  ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment