Tuesday, May 14, 2019

ရန်ကုန် - ဖူးခက် လကြောင်းခရီးစဉ် ခရီးသည် နည်းပါးခြင်းကြောင့် ရန်ကုန် - ကော့သောင်း - ဖူးခက် ခရီးစဉ်ပြောင်းလဲပြေးဆွဲ

မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် ရန်ကုန် - ဖူးခက် - ရန်ကုန် ခရီးစဉ်ကို ပျံသန်းရာတွင် ခရီးသည် ရရှိမှုနည်းပါးခြင်းကြောင့် ရန်ကုန် - ကော့သောင်း - ဖူးခက် - ကော့သောင်း - ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။



အဆိုပါခရီးစဉ်ကို ပျံသန်းရာတွင် ခရီးသည်ရရှိမှုမှာ နည်းပါးပြီး အသုံးစရိတ်နှင့် ဝင်ငွေမျှတခြင်းမရှိသည့်အပြင် ရရှိပြီးသော Slot ကို အသုံးမပြုပါကလည်း နောင်လာမည့်ရာသီများအတွက် Slot ရရှိရန် မသေချာသဖြင့် ဖျက်သိမ်းခြင်းမပြုဘဲ ဆက်လက်ပျံသန်း မည်ဖြစ်ကာ အသုံးစရိတ်နှင့်ဝင်ငွေ မျှတစေရန်အတွက် ကော့သောင်းလေဆိပ်ကို ကြားခံ၍ ရန်ကုန် - ကော့သောင်း - ဖူးခက် -ကော့သောင်း - ရန်ကုန်အဖြစ် ပြောင်းလဲပြေးဆွဲခဲ့ကြောင်း သိရသည်။

“ ဝန်ဆောင်မှုစရိတ်နဲ့ ရရှိတဲ့ ဝင်ငွေက မကာမိဘူး။ လေကြောင်းလိုင်းအနေနဲ့က ရေရှည်ဘယ်လိုမှ ရပ်တည်လို့မရဘူး။ ခရီးစဉ် ကို ဖျက်သိမ်းပြန်ရင်လည်း ဈေးကွက်ပျောက်သွားနိုင်တယ်။ ဒါကြောင့် ရှိပြီးသားဈေးကွက်ကိုလည်း မပျောက်ပျက်အောင် ကော့ သောင်းခရီးစဉ်ကို ပေါင်းပြီးပြေးဆွဲတာ ဖြစ်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောသည်။
လေကြောင်းလိုင်းအများစုသည် အမြတ်စွန်းငွေ မရရှိပဲ အရှုံးခံပြေးဆွဲနေရသည့်အတွက် စီးပွားရေးအရ တွက်ချေမကိုက်သည့် အတွက် ရပ်နားလိုက်ရသည့် လေကြောင်း လိုင်းများရှိပြီး လေကြောင်းလိုင်းအသစ်များ ထပ်မံပေါ်ထွက်ရန် အခက်ခဲများရှိနေ ကြောင်း သိရသည်။

ယင်းအပြင် ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲရန်အတွက် လေယာဉ် ၄ စီးနှင့် အထက်ရှိရမည်ဖြစ်ပြီး ပြည်ပလေကြောင်း လိုင်း ပျံသန်းပြေးဆွဲမည်ဆိုပါက လေယာဉ်အစီးရေ ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။

ယင်းအပြင် ပြည်ပရှိ လေကြောင်းလိုင်းအချို့သည် ပြည်တွင်း၌ လေကြောင်းလိုင်းဝန်ဆောင်မှုပေးရန် လေကြောင်း ဦးစီးဌာနသို့ တင်ပြထားမှုများရှိသော်လည်း ပြည်တွင်းရှိ လေကြောင်းလိုင်းများ ဈေးကွက်ပျောက်မည်စိုးသောကြောင့် ခွင့်မပြုကြောင်း သိရသည်။

No comments:

Post a Comment