Tuesday, May 14, 2019

NLD အစိုးရလက်ထက်၂၁ ရာစု ပင်လုံ (၃)ကြိမ် ကျင်းပနိုင်ခဲ့သော်လည်း ပြောပလောက်သည့် အောင်မြင်မှုမရရှိသေး၊ ရွေးကောက်ပွဲသာ အာရုံရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒုတိယနေရာမှာသာရှိ ဟု RCSS ဥက္ကဌ ယွက်စစ်ဝေဖန်

၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အစိုးရ၏ အာရုံသည် ရွေးကောက်ပွဲကိစ္စအတွက် သာရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဒုတိယနေရာမှာရှိနေကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဝေဖန်ပြောဆိုလိုက်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလ ၁၄ ရက် မှ ၁၉ ရက်နေ့အထိပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ် သည်။



“၂၀၂၀ ရွေးကောက်ပွဲကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာတာနဲ့အမျှ တစ်ဖက်က ကိုယ့်ဆွေးနွေး ဖက်ရဲ့ အာရုံက ရွေးကောက်ပွဲကိစ္စအတွက်သာ ရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒုတိယ နေရာမှာ ရှိနေတော့ ၂၀၂၀ မတိုင်မီနဲ့ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုအနေအ ထား ဖြစ်သင့်တယ်ဆိုတာ ကြိုတင်ဆွေးနွေးပြီး သဘောတူညီချက်ရှာထားဖို့ လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

NCA လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ပင်လုံညီလာခံ)များ ကျင်းပ ခဲ့ကြသော်လည်း တိုးတက်မှုမရရှိခဲ့ပဲ လုပ်ထုံးလုပ်နည်း နည်းပညာပိုင်းများတွင်သာ အချိန်ကုန်ခဲ့ပြီး ဆွေးနွေးသည့် နည်းနာများကို မပြင်ဆင်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“NLD အစိုးရလက်ထက်မှာ ၂၁ ရာစု ပင်လုံကို (၃)ကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် ပြောပလောက်တဲ့ အောင်မြင်မှုမရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူကို မလျှော့တမ်းဆုတ်ကိုင်ထားလို့ ဖြစ်ပါတယ်”ဟု ဆိုသည်။

တပ်မတော်အနေဖြင့် ခွဲမထွက်ရ၊ တစ်ခုတည်းသောတပ်မတော်၊ ငြိမ်းချမ်းရေးမူ (၆)ချက်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံသည့်အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အလှမ်းဝေးကွာနေစဲဖြစ်ပြီး သူ့မူကိုယ့်မူကို ခဏဘေးဖယ်ထား၍ ဖြစ်သင့် ဖြစ်ထိုက်သည်ကို ဆွေးနွေးနိုင်ပါက အောင်မြင်မှုရရှိမည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။

အစည်းအဝေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများကို နည်းလမ်းရှာကျော်လွှားရန် နှင့် NCA လက်မှတ်ထိုးအဖွဲ့များ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ PPST ၏ ဖွဲ့စည်းပုံကို ပြန်လည်သုံး သပ်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အဓိကထားဆွေးနွေးရမည်ဖြစ်ကြောင်း တိုက်တွန်းပြော ဆိုသည်။

NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့် တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားနေခြင်းသည် ပြည်ထောင်စုအတွက် ကြီးမားသည့် ပြဿနာဖြစ်ကြောင်း ၎င်းကထောက်ပြပြောဆိုသည်။

၆ ရက်ကြာကျင်းပမည့် အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များနှင့် NCA အကောင် အထည်ဖော်ဖက် များဖြစ်သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့တက်ရောက်ဆွေးနွေးကြပြီး ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO)နှင့် ကရင်နီအ မျိုးသားတိုးတက်ရေးပါတီ(KNPP) တို့မှ လေ့လာသူအဖြစ်တက်ရောက်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment