Tuesday, May 14, 2019

တစ်ဦးသေ၊ တစ်ဦး မျက်စိ နှစ်လုံးဆုံးရှုံးစေခဲ့သည့် ယာဉ်တိုက်မှု ထောင် ၁ နှစ် ၇ လ ချမှတ်ခဲ့၍ မြ၀တီ ဒေသခံများ ဆန္ဒပြ

လူတစ်ဦးသေ၊ တစ်ဦး မျက်စိ နှစ်လုံး ဆုံးရှုံးသွားခဲ့ရသည့် ယာဉ်တိုက်မှုအား မြ၀တီတရားရုံးက ထောင်၁ နှစ်နှင့် ၇ လ ကျခံစေရန် အမိန့်ချမှုအပေါ် မမျှတဟုဆိုကာ မျက်စိဆုံးရှုံးသွားသည့်ကာယကံရှင်နှင့် မိသားစု ၀င်များအပါအ၀င် ဒေသခံအချို့တို့က ယနေ့ မနက်ပိုင်းက မြ၀တီတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူများက “တစ်ယောက်က ဘ၀သေ၊ တစ်ယောက်က ဆုံး၊ မှီခိုနေတဲ့ မိသားစုဝင်တွေ အကုန်ဒုက္ခရောက်တာ မကြည့်ရက်လို့ ဆန္ဒပြကြတာပါ” ဟု ပြောဆိုလိုက်ကြောင်း သိရသည်။



မျက်စိ နှစ်လုံး ဆုံးရှုံးသွားခဲ့သူ၏ ဆေးကုသစရိတ်မှာ သိန်းရာဂဏန်းရှိပြီး၊ ယခု အချိန်ထိ ဒုက္ခရောက်နေကြောင်း မိသားစုဝင်များက ပြောကြသည်။

အမှတ်(၃) ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက’’ ဆေးကုသစရိတ်၊ မိသားစု စားဝတ်နေရေးစရိတ်၊ ဒါတွေလည်း ထောက်ပံ့ပေးသင့်တာပေါ့ဗျာ” ဟု ဆိုသည်။

ကားနှင့် တိုက်ပြီး ထောင် တစ်နှစ်ကျော်သာ ကျခံရမည်ဆိုပါက ထိုနည်းအတိုင်း နောက်လူများ ဆက်လုပ်မည်ကို မစိုးရိမ်ဘူးလားဟု ဆန္ဒပြသူ အချို့က သက်ဆိုင်ရာကို မေးခွန်းထုတ်ကြသည်။

ပြီးခဲ့သည့် ၉-၇-၂၀၁၈ နေ့က မြ၀တီ-ကော့ကရိတ်လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့် မော်တော်ယာဉ် တစ်စီးတို့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ရာ ဆိုင်ကယ်ပေါ်ပါ တစ်ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကာ နောက်ထပ်တစ်ဦးမှာ မျက်စိ နှစ်လုံး ဆုံးရှုံးသွားခဲ့ရသည်။

ဖြစ်စဉ်အပေါ် ယာဉ်မောင်းအား ရာဇသတ်ကြီး ပုဒ်မ ၂၇၉ ၊ ၃၃၈ ၊ ၃၀၄ (က) တို့ဖြင့် စွဲချက်တင်ပြီး ရုံးတော်က ယခု နှစ်ထဲ ထောင် ၁ နှစ်နှင့် ၇ လ အမိန့်ချခဲ့သည်။

No comments:

Post a Comment