Tuesday, May 14, 2019

ပြည်ပမှတင်သွင်းနေသည့် ဆေးဝါးကုန်ကြမ်း၊ ဓာတ်ခွဲခန်းသုံး Reagent နှင့် ဆေးဝါးထုပ်ပိုးပစ္စည်းများကို အကောက်ခွန် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးဆောင်နေရ

ပြည်ပမှ နိုင်ငံအတွင်းတင် သွင်းနေသည့် ဆေးဝါးကုန်ကြမ်း၊ ဓာတ်ခွဲခန်းသုံး Reagent နှင့် ဆေး ဝါးထုပ်ပိုးပစ္စည်းများကို Customs က အပ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးဆောင်နေရကြောင်း မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာအောင်ဇော်က ပြောကြားသည်။  နိုင်ငံအတွင်း တင်သွင်းနေသည့် ဆေးဝါးကုန်ကြမ်း၊ ဓာတ်ခွဲခန်းသုံး Reagent နှင့် ဆေးဝါးထုပ်ပိုးပစ္စည်းများကို Customs Duty ကအပ သုံး ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးဆောင်နေချိန်တွင် နိုင်ငံတွင်း သို့ပြည်ပမှ တင်သွင်းနေသည့် ဆေးဝါးကုန်ချောများမှာ အကောက်ခွန်အနေဖြင့် အချို့ပစ္စည်းများသည် ကင်းလွတ်ခွင့် ရရှိထားပြီးဖြစ်ကြောင်း နှင့်အချို့ဆေးဝါးများမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည့်အတွက် ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလျက်ရှိကြောင်း သိရသည်။



နိုင်ငံတကာစံနှုန်းများနှင့် နှိုင်းယှဉ်ပါက အခြားနိုင်ငံများမှာ ပြည်တွင်းထုတ်လုပ်မှုကို ပိုမိုအားပေးသည့်အနေဖြင့် ကုန်ကြမ်းများတင်သွင်းလျှင် အခွန်ကင်းလွတ်ခွင့်ပေးပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီဖြစ်သည့် ကုန်ချောများ တင်သွင်းလာပါက အခွန်ရာခိုင်နှုန်း ပိုမိုတိုးမြှင့် တောင်းခံခြင်းများရှိကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဆေးဝါးကုန်ကြမ်း အပါအဝင် အခြားကုန်ကြမ်းများကို အခွန်နှုန်းထားလျှော့ချပြီး ကုန်ချောများကို အခွန်နှုန်းတိုးမြှင့် ကောက်ခံသင့်ကြောင်း ゞင်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ဆေးဝါးများနှင့် အလားတူ ဆေးဝါးများကို ပြည်ပမှတင်သွင်းမှု အရေအတွက် လျှော့ချကန့်သတ် ထိန်းချုပ်ခြင်းများမရှိခြင်းကြောင့် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုတွင် အခက်အခဲများစွာရှိနေကြောင်းလည်း သိရသည်။ 

“မူဝါဒပိုင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ဆေးဝါးတွေကို ဦး စားပေး ဝယ်ယူရမယ်ဆိုတဲ့ ဝယ်ယူ ရေးမူဝါဒမရှိပါဘူး။ အခြားနိုင်ငံတွေမှာ သတ်မှတ်ထားသလိုမျိုးတင် ဒါဝင်ရောက်ယှဉ်ပြိုင်ရင် ဈေးနှုန်းတူညီတာမျိုး ဒါမှမဟုတ် သတ်မှတ်ထားတဲ့ရာခိုင်နှုန်းအတွင်း ဈေးပိုနေ တာတွေရှိရင် ပြည်တွင်းထုတ်ဆေးဝါးကိုသာ ဝယ်ယူတာမျိုးမရှိကြဘူး။ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီဖြစ်တဲ့ ဆေးဝါးတွေနဲ့ အလားတူ ဆေးဝါးတွေကို ပြည်ပကနေ တင်သွင်းမှု အရေအတွက် လျှော့ချကန့်သတ် တာမျိုးမရှိဘူး။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီဖြစ်တဲ့ ဆေးဝါးတွေနဲ့ အလားတူတဲ့ ပြည်ပနိုင်ငံထုတ် ဆေး ဝါးတွေရဲ့ ဆေးဝါးမှတ်ပုံတင်လိုင်စင်ကိုလည်း ကန့်သတ်တာမျိုး ဒါမှမဟုတ် ရပ်ဆိုင်းတာမျိုးစတဲ့ ထိန်း ချုပ်မှုတွေမရှိတဲ့အတွက် ပြည်တွင်းဆေးဝါးထုတ်လုပ်မှုမှာ အခက်အခဲများစွာ ရှိနေပါတယ်” ဟု ဒေါက်တာ အောင်ဇော်က ပြောကြားသည်။

လက်ရှိ နိုင်ငံပိုင်ဆေးဝါးစက်ရုံ ငါးရုံ၊ ပုဂ္ဂလိကပိုင်ဆေးဝါးစက်ရုံ ခုနစ်ရုံတို့မှ ဆေးဝါးအမျိုးအစား ပေါင်း ၃၆၂ မျိုး ထုတ်လုပ်နေပြီး ပြည်တွင်းထုတ်လုပ်မှုမှာလိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ အောက်သာ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံပိုင် BPI ဆေးဝါးစက်ရုံတစ်ခုတည်းသာရှိခဲ့ပြီး နောက်ပိုင်းတွင် ပြင်ဦးလွင် ဆေးဝါးစက်ရုံ၊ ကျောက်ဆည်ဆေးဝါးစက်ရုံတို့ကို ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ တပ်မတော်မှလည်း မှော်ဘီဆေးဝါးစက်ရုံ ကို တည်ဆောက်ခဲ့ကြောင်းနှင့် ၂၀၁၁ ခုနှစ် အစိုးရသစ် ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရက ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်သော စက်ရုံများကို အားပေးနိုင်ရန် မူဝါဒချမှတ်ခဲ့ရာ ပထမဆုံးပုဂ္ဂလိက ဆေးဝါးစက်ရုံအဖြစ် ဒဂုံအရှေ့ ဆိပ်ကမ်းမြို့နယ်ရှိ AA ဆေးကုမ္ပဏီပိုင်စက်ရုံ၊ ဒုတိယမြောက်စက်ရုံ အဖြစ် ရွှေပေါက္ကံစက်မှုဇုန်ရှိ Silver Shine International ကုမ္ပဏီပိုင် စက်ရုံ စသည်တို့ကို ဖွင့်လှစ်တည် ထောင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment