Tuesday, May 14, 2019

မုတ်သုံအဝင်နောက်ကျနေပြီး မုန်တိုင်းထပ်မဖြစ်သေးသဖြင့် အန္တရာယ်ရှိလောက်သည့် အပူချိန်ဖြစ်လာနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်ပြောကြား

မုတ်သုံအဝင်နောက်ကျနေပြီး မုန်တိုင်းထပ်မဖြစ်သေးသဖြင့် အန္တရာယ်ရှိလောက်သည့် အပူချိန်ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ “မုတ်သုံကအဝင်နောက်ကျနေပြီး မုန်တိုင်းကလည်း ထပ်မဖြစ်သေးတာကြောင့် အပူချိန်မြင့်တက်မှုကိုအထူးဂရုစိုက်ဖို့ လိုအပ်နေပါတယ်။ မေလ(၁၅-၂၁)ရက် ရက်တစ်ပတ်အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့ မှလွဲပြီး ကျန်တစ်ပြည်လုံးမှာ အပူချိန်များမြင့်တက်လာနိုင်ပါတယ်။ အန္တရာယ်ရှိလောက်တဲ့ အပူချိန်ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ရေးသားထားသည်။



မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန၏ မေ ၁၃ ရက် မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

နေ့အပူချိန်များအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက်ခုနစ် ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ ထက်ငါးဒီဂရီစင်တီဂရိတ်မှ ခြောက်ဒီဂရီ စင်တီဂရိတ်အထိ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီ စင်တီဂရိတ်အထိနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထူးခြားသည့် နေ့အပူချိန်များအနေဖြင့် ချောက်မြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်စီ၊ ညောင်ဦးမြို့နှင့် ပေါက်မြို့တို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်စီနှင့် ကလေးဝမြို့၊ မင်းကင်းမြို့၊ ရွှေဘိုမြို့၊ မုံရွာမြို့၊ ကြေးမုံမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့၊ မြင်းခြံမြို့နှင့် ပခုက္ကူမြို့တို့တွင် ၄၄ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

No comments:

Post a Comment