Tuesday, May 14, 2019

လျှပ်စစ်မီးကြိုးသွယ်တန်းရာ၌ ကန့်ကွက်ခဲ့သော မိတ္ထီလာမြို့နယ် မြာကျေးရွာအား ခုနစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး လက်ရှိတွင် ပြေလည်မှုရရှိသဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ချိတ်ဆက်ပေးခဲ့

လျှပ်စစ်မီးကြိုးသွယ်တန်းရာတွင် ကုန်ကျစရိတ်ရှိခဲ့သဖြင့် ကုန်ကျစရိတ် အချို့တစ်ဝက်မျှခံပေးရန် တောင်းဆိုရာ ပြေလည်မှုမရှိခဲ့သဖြင့် ခုနစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရသော မိတ္ထီလာမြို့နယ် မြာကျေးရွာအား လက်ရှိအချိန်တွင် လျှပ်စစ်မီး ပြန်လည်ချိတ်ဆက်ပေးခဲ့သော်လည်း ကန့်ကွက်စဉ်က ပါဝင်ခဲ့သော ကျေးရွာသား ၁၀ ဦးခန့်(စိစစ်ဆဲ)အား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သော ပုဒ်မ ၃၃၃ ကဲ့သို့သော ပုဒ်မများဖြင့် အမှုဖွင့်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

“ဥပဒေ အကြံပေးတင်ထားတယ်။ ပုဒ်မကတော့ ၃၃၃ ပါတယ်။ ဒါပေမဲ့ စိစစ်ပေါ်ပေါက်ချက်အရ ပုဒ်မပြောင်းချင်လဲ ပြောင်းသွားနိုင်တယ်။ အခုချိန်အထိတော့ မြာကျေးရွာအမှုနဲ့ပတ်သတ်ပြီး ဖမ်းဆီးထားတာ မရှိပါဘူး” ဟု မိတ္ထီလာမြို့မရဲစခခန်းမှ ဒုရဲမှူး ကျော်ထင်က မေ ၁၂ ရက် နံနက်ပိုင်းက ပြောကြားသည်။ “မြာကျေးရွာ မီးပြန်လင်းသွားပြီ။ တစ်ရွာနဲ့တစ်ရွာ ပြေလည်သွားတဲ့ သဘောပေါ့။ အသေးစိတ်တော့ ကျွန်တော်လည်း သိပ်မသိဘူး” ဟု မြာကျေးရွာသားတစ်ဦးက ဆိုသည်။ ၂၀၁၈ ခုနှစ်  စက်တင်ဘာ၂၉ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့နယ် မြာကျေးရွာ လျှပ်စစ်ဓာတ်အားလိုင်းမှတစ်ဆင့် အခြားကျေးရွာသို့ သွယ်တန်းရန် လျှပ်စစ်ဓာတ်အားလိုင်း  စိုက်ထူသွယ်တန်းစဉ် မြာကျေးရွာသားများက ကိုယ့်အားကိုယ့်ကိုးစနစ်ဖြင့် သွယ်တန်းထားခြင်းဖြစ်သဖြင့် ကုန်ကျစရိတ်ရှိခဲ့ရာ ကုန်ကျစရိတ် ပြန်လည်မျှဝေ ကျခံပေးရန်နှင့် ညှိနှိုင်းဆွေးနွေးရန် ပြောဆိုရာမှ လူစုလူဝေးဖြစ်ပွားခဲ့ပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရာတွင် လုံခြုံရေးလိုက်ပါလာသော မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွန့်ထွန်းနှင့် ရဲတပ်သား မသီတာအေးတို့မှာ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ၃၈ ဗို့ မီးခိုးဖြူဗုံးဖြင့် တစ်ချက်ပစ်ခတ် လူစုခွဲခဲ့ရကာ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းအား  ရပ်ဆိုင်းထားခဲ့ပြီး  မြာကျေးရွာအား လျှပ်စစ်ဥပဒေဖြင့် အဆိုပါနေ့မှစတင်ပြီး လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ပြေလည်မှုရရှိခဲ့သဖြင့် လျှပ်စစ်မီး ပြန်လည်ချိတ်ဆက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကဲ့သို့ လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းအား မိတ္ထီလာမြို့နယ် မြာကျေးရွာနေသူများက လူစုလူဝေးဖြင့် ကန့်ကွက်ခဲ့ခြင်းကြောင့် မိတ္ထီလာမြို့နယ် မြို့မရဲစခန်းမှူးကျော်ထင်က တရားလိုပြုလုပ်ကာ ၂၀၁၈ ခုနှစ် စက်တင်ဘာ၂၉ ရက်က မြာကျေးရွာနေ အမည်မသိ လူ ၁၀ ဦးအား  အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ် ထိကျခံရနိုင်သော ရာဇသတ်ကြီးပုဒ်မ ၃၃၃ အပါအဝင် ပုဒ်မလေးခုဖြင့်အမှုဖွင့်ထားဆဲ ဖြစ်ကြောင်း  မိတ္ထီလာမြို့မရဲစခန်းမှသိရ သည်။ 

No comments:

Post a Comment