Tuesday, May 14, 2019

သူတို့လေးတွေကို သက်တမ်းစေ့ အသက်ရှူခွင့်ပေးပါ

အခုရက်ပိုင်း အိမ်ရှေ့စည်းဝင်းမှာ စိမ်းစိုစွာ ပေါက်နေတဲ့ သရက်ပင်၊ အရိပ်ရတည်ပင်၊ အုန်းပင်တွေရဲ့ မြေပေါ်ကို ပြိုလဲသံတွေက ရင်ထဲမှာ အမျိုးအမည်မသိ လှုပ်ခတ်နေ ရပါတယ်။ စည်းဝင်းအသစ်ခတ်မှာမို့ စည်းနဲ့မလွတ်ကင်းတဲ့အပင်တွေကို Changsawနဲ့ဖြတ်သံ၊ မြေပြင်ပေါ် လဲကျသံတွေကို ကြည့်ရင်း၊ နားစိုက်မိရင်း မြန်မာနိုင်ငံ တစ်ဝန်းမှာ ရှိနေတဲ့သစ်တောတွေ အမြန်နှုန်းနဲ့ ပြုန်းတီးနေတာတွေကိုပါ တစ်ဆက်တည်း တွေးမိလိုက်ပါတယ်။

လမ်းချဲ့ဖို့အတွက်တဲ့...။ လူ နေအိမ်တိုးချဲ့ဖို့အတွက်တဲ့...။ လူတွေ အသုံးအဆောင် ပရိဘောဂ ပစ္စည်းပြုလုပ်ဖို့တဲ့...။ စက်ရုံတည် ဆောက်ဖို့တဲ့...။ စတဲ့ မရေတွက် နိုင်အောင် များပြားလှတဲ့ လူသား တွေရဲ့ လိုအပ်ချက်တွေကြောင့် နိုင်ငံတစ်ဝန်း စိမ်းလန်းစွာနဲ့ပေါက်ရောက်နေတဲ့အပင်တွေ ဘယ် လောက်တောင်မှ စတေးပြီး နေ တယ်ဆိုတာ အတိအကျ ခန့်မှန်း မရနိုင်တော့ပါ။

တစ်ခုလိုချင်ရင် တစ်ခုပေး ဆပ်ရတာကတော့ ဓမ္မတာပါ။

ဒါပေမဲ့လည်း တစ်ခါတစ်ခါ  ကျရင် ပေးဆပ်ရတာနဲ့ ရရှိလာ တဲ့အကျိုးအမြတ်က မမျှတပါ။ သစ်တစ်ပင်ခုတ်ရင် အကျိုးအ မြတ်တစ်ခုခုရနိုင်တာမှန်ပေမယ့် အဲဒီသစ်ပင်ရှင်သန်နေရင်း လူ သားတွေအပေါ် ကျေးဇူးအများ ကြီးပြုတာကတော့ ပြန်မရနိုင် တော့ပါဘူး။ တခြားအရာနဲ့လည်း အစားထိုးလို့ မဖြစ်နိုင်ပါ။

အခုဆိုရင် ကျွန်မတို့အိမ်မှာ ဟိုးအရင်စိုက်ထားခဲ့တဲ့ စည်းဝင်း အတွင်းက အပင်တွေဟာ ခြံစည်း ရိုးအုတ်တံတိုင်းခတ်မှာမို့ မလွတ်မကင်းဖြစ်နေတော့ မဖြစ်မနေခုတ်ပစ်နေရပါတယ်။ အရင်ရက်တွေက လမ်းမပေါ်က အပူမှာဖြတ်ပြီး ကျွန်မတို့အိမ်ကို လာကြတဲ့သူ တွေက ညည်းတို့အိမ်ထဲဝင်လိုက် မှပဲ အေးသွားတော့တယ်လို့ ပြော တတ်ကြပါတယ်။ အိမ်ပတ်ပတ် လည်က အပင်ရိပ်တွေက အိမ် သားတွေအပါအဝင် လာသမျှ ဧည့်သည်တွေကို အေးမြတဲ့ အရိပ် မိုးပေးနေတာအမှန်ပါ။ အပင်ကြီး တွေရဲ့အောက် နေရောင်တစ်ဝက် တစ်ပျက်ကျနေတဲ့ နေရာအောက် မှာ စိုက်ထားတဲ့ ပန်းပင်လေးတွေ ဆိုရင်လည်း စိမ်းစိုနေပြီး အပွင့်မပြတ်တတ်ပါဘူး။ တခြားသူတွေ က အိမ်လာတိုင်း စိမ်းစိုနေတဲ့ ပန်းပင်လေးတွေကို ကြည့်ရင်း သဘောကျနေတတ်ကြပါတယ်။ အခုရက်ပိုင်းတော့ အပင်တွေကို ခုတ်လှဲထားတော့ အိမ်အတွင်းမှာ အပူချိန်မြင့်နေသလို ပန်းပင်လေးတွေလည်း နေပူဒဏ်ကြောင့် ညှိုးနွမ်းခြောက်သွေ့နေပါတယ်။ မနက်တိုင်းမှာ ကြားနေရတဲ့ ငှက်ကလေးတွေရဲ့ အစာရှာထွက်သံ မကြားရတော့သလို အရင်ရက်တွေက သစ်ပင်မှာ ရှင်သန်ပေါက် ဖွားနေတဲ့ ပုရွက်ဆိတ်က အစပြု တဲ့ အင်းဆက်ပိုးမွှားတွေ၊ တခြားသက်ရှိပိုးမွှားတွေလည်း ဘယ်ရောက်ကုန်မှန်း မသိရတော့ပါ။ ခါတိုင်း အိမ်ရှေ့ပန်းပင်မှာ ကျတတ်တဲ့ ပိုးစိမ်းကောင်တွေကို အပင်ထက်မှာ နေတတ်တဲ့ ငှက်ကလေးတွေက သူတို့အစာအဖြစ် ကောက်ယူစားသောက်တတ်ကြ ပါတယ်။ ခုတော့ ခုတ်လှဲခံရတဲ့ သစ်ပင်တွေနဲ့အတူ တခြားသက် ရှိများစွာပါ ကစဥ့်ကလျားဖြစ်ကုန် ပါတယ်။

အိမ်တစ်အိမ်မှာတောင် ဒီ လောက် ဇီဝမျိုးကွဲတွေ ကသောင်းကနင်းဖြစ်ရရင် နိုင်ငံတစ်ဝန်းက သစ်တော၊ သစ်ပင်တွေလျော့ နည်းရင် အင်းဆက်၊ တခြားဇီဝ မျိုးကွဲပေါင်း ဘယ်လောက်ပျက် စီးမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူ။ ဒီလိုတွေသာ ပျက်စီးမှုဆက်တိုက် ဖြစ်နေရင် သဘာဝတရားကြီးဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာ တော့မှာပါ။

အင်္ဂလိပ်စကားပုံတစ်ခုရှိပါ တယ်။ ‘သစ်ပင်လေးတွေကို ကြင်ကြင်နာနာ စကားပြောပေးရင် ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးလာ ကြသတဲ့’။ အဓိပ္ပာယ်ကတော့ သူ တို့လေးတွေကို သေချာဂရုတစိုက်ပြုစုပေးရင် သူတို့တွေဟာ ကောင်းကောင်းမွန်မွန်လေး ရှင်သန်လာ မှာပါ။ တန်ပြန်အကျိုးဆက်က တော့ လှပစွာ ပွင့်လန်းတဲ့ ပန်းပင် ကြောင့် ကျွန်မတို့ စိတ်ပျော်ရွှင် ချမ်းမြေ့ရမယ်။ စိမ်းလန်းတဲ့ သစ်ပင်ကြောင့် ကျွန်မတို့ အသက်ဝဝ ရှူနိုင်မယ်ဆိုတဲ့ အကျိုးကျေးဇူး တွေ ခံစားနိုင်မှာဖြစ်ပါတယ်။

အပင်တွေဟာ နေရောင် ခြည်ကို အသုံးပြုပြီး လေထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပါတယ်။ ပြီးရင် သူတို့အ တွက် အစာချက်တယ်။ သစ်ပင် တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို စားသုံးပြီး လေထုထဲကို အောက်ဆီဂျင်ဓာတ်ငွေ့ ပြန်ထုတ် တယ်။ လူတွေအသက်ရှင်နေထိုင် ရေးမှာ အဓိကကျတဲ့ အောက်ဆီဂျင်က သစ်ပင်တွေဆီကနေ သဘာဝအတိုင်းရနေတော့ သစ်ပင်တွေများလေ ကျွန်မတို့လူသားတွေ အသက်ရှူရတာအားရလေ၊ လေကောင်းလေသန့်တွေ ရလေပါပဲ။ ဒီတော့ ကျွန်မတို့ရဲ့အဆုတ် တွေလည်း ကျန်းမာလေပေါ့။

‘‘အသီးလည်း စားပါ၊ အပင် လည်း စိုက်ပါ’’ ဆိုတဲ့ စကားလေး လို ရှေးတုန်းက လူကြီးတွေ စိုက် ခဲ့လို့၊ တချို့ သဘာဝအတိုင်း ပေါက်နေလို့ ကျွန်မတို့ စားနေရ တယ်။ အရိပ်တွေ ရနေကြတယ်။ ကောင်းမွန်တဲ့ ဇီဝမျိုးကွဲတွေရဲ့ အကျိုးပြုမှုတွေကို ခံစားနေရ တယ်။ နောက်မျိုးဆက်တွေ စား သုံးဖို့၊ ကောင်းမွန်တဲ့ ရာသီဥတု ထဲမှာ ရှင်သန်နေထိုင်နိုင်ကြဖို့ ကျွန်မတို့မှာ သစ်ပင်တွေစိုက်ခဲ့ဖို့ တာဝန်ရှိနေပါတယ်။ ဒါဟာ စစ် မှန်တဲ့ လူသားတာဝန်လို့လည်း ယူဆမိရပါတယ်။

အိန္ဒိယနိုင်ငံမှာဆိုရင် သစ် ပင်တွေကို တန်ဖိုးအလွန်ထားပါ တယ်။ အမိန့်အာဏာကို ကြောက်လို့ပဲဖြစ်ဖြစ် သူတို့နိုင်ငံမှာ သစ်ပင် ကို ခုတ်သတ်ဖို့မပြောနဲ့၊ ထင်း အတွက်တောင်မှ ဓားနဲ့ခုတ်ပိုင် ခွင့်မရှိပါဘူး။ ထင်းအဖြစ် ရချင် ရင် ကိုင်းခြောက်တွေကို လိုက်လံ ကောက်ရသလို အပင်ကနေ လည်း လက်နဲ့ချိုးခွင့်ပဲ ရှိနေပါ တယ်။ ဒီအကြောင်းကို အိန္ဒိယနိုင် ငံမှာ ကျောင်းတက်နေတဲ့ ဦးပဉ္ဇင်း တစ်ပါးက ‘‘တို့နိုင်ငံက လူတွေကို သိစေချင်လိုက်တာ’’ဟု ညည်းရင်း ပြောပြလို့ သိခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံမှာ ရှိနှင့်ပြီးသား သစ်ပင်၊ သစ်တောတွေဟာ တိုးပွားမလာပါဘဲ လူတွေရဲ့ဖျက်ဆီးခံအဖြစ်နဲ့ လူ တွေရဲ့ အလိုလောဘတွေအောက် မှာ မရှုမလှ ဆုံးရှုံးနေရပါတယ်။  ‘သစ်တစ်ပင်ကောင်း ငှက်တစ် သောင်းနား’ ဆိုတဲ့ စကားပုံလေး ကို ‘မရှိ ရှိတဲ့သစ်ပင် ငှက်တို့တိုး ဝင်’  လို့ ပြောင်းရမလိုဖြစ်နေပါပြီ။

အခုဆိုရင် ပတ်ဝန်းကျင် အနေအထားတွေ တဖြည်းဖြည်း ပျက်စီးလာပြီး ဆိုးရွားတဲ့ရာသီဥ တုဒဏ်ကို တစ်နှစ်ထက် တစ်နှစ် မတူအောင် ခံစားနေကြရပါတယ်။ အပူလွန်ကဲမှု၊ ရေကြီးမှု၊ မုန်တိုင်း ထန်မှုတွေကို အမြဲကြုံတွေ့နေရ ပါတယ်။ ဒီဒဏ်တွေကြောင့်ပဲ မြန်မာပြည်သူတွေဟာ ပျက်စီး ဆုံးရှုံးမှုတွေကို နှစ်စဉ်ခံစားနေရ ပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ နောက်ကောက်ကျနေကြရ ပါတယ်။ ဆောင်းရာသီဆို အေး ချင်မှ အေး၊ မိုးရာသီဆို ရွာချင်မှ ရွာ၊ အခုလို နွေရာသီဆို ငရဲပြည် လို ပူချင်တိုင်း ပူနေတာတွေဟာ ဆရာဇော်ဂျီရဲ့စာသားလေးလို...

‘တောခုတ်လို့ တောပြောင်၊

မိုးခေါင်တော့မှာပဲ၊

မိုးခေါင်လို့ ရေမကြွယ်၊

သဲပင်လယ် ဖြစ်လိမ့်မလွဲ’ ဆိုသလိုဖြစ်နေပါပြီ။

ဒီလို အဖြစ်အပျက်တွေကို  ဖြေရှင်းဖို့ ကျွန်မတို့မှာ အခွင့်အာ ဏာ၊ စွမ်းအားမရှိပါဘူး။ ဒါပေမဲ့ လည်း လူတစ်ယောက် သစ်တစ် ပင်နှုန်းစိုက်ရင်း ကမ္ဘာကြီးရဲ့လို အပ်ချက်ကို အုတ်တစ်ချပ်၊ သဲ တစ်ပွင့်အနေနဲ့ ကူညီနိုင်ပါတယ်။ ကျွန်မတို့တစ်တွေက သစ်ပင်လေးတွေကို ကြင်ကြင်နာနာပြုစုယုယ စိုက်ပျိုးရင် တန်ပြန်အကျိုးဆက် အနေနဲ့ ကမ္ဘာမြေကြီး ပြန်ကျန်း မာလာမယ်၊ ဇီဝမျိုးကွဲတွေ ကောင်းကောင်းရှင်သန်ပြီး လူ သားတွေကို အကျိုးပြုမယ်၊ လူ သားမျိုးဆက်တွေ သဘာဝဘေး ကြောင့် မျိုးတုံးမယ့်ဘေးက ကာကွယ်နိုင်မယ်၊ နောက်ဆုံးတော့ ရေရှည်မှာ ‘သစ်ပင်လေးတွေကို သက်တမ်းစေ့ အသက်ရှူခွင့်’ ပေးမှ ကျွန်မတို့လူသားတွေလည်း မျှတတဲ့ ရာသီဥတုနဲ့ အသက်ဝဝ ရှူပြီး သက်တမ်းစေ့နေနိုင်မယ် ဆိုတာ အသေအချာပင် ဖြစ်နေပါ တော့တယ်။

No comments:

Post a Comment