Thursday, May 16, 2019

ဘီမန် (Biman) လေယာဉ်မတော်တဆမှုမှ ခရီးသည်အချို့ နစ်နာကြေးတောင်းဆို။ ဆေးကုပေးမည် သို့သော် နစ်နာကြေးကိစ္စ လေကြောင်းလိုင်းမှ ငြင်းပယ်။

ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း (Biman) မတော်တဆမှုကြောင့် အာယုဆေးရုံမှာ ကုသမှုခံယူနေသူ အချို့က နစ်နာကြေး တောင်းဆိုနေကြ တယ်လို့ သိရပါတယ်။ေ လကြောင်းလိုင်းက မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူတွေကို တာဝန်ယူတဲ့အနေနဲ့ နစ်နာကြေးပေးသင့်တယ်လို့ လေယာဉ်မတော်တဆ မှုကြောင့် အာယုဆေးရုံမှာ တက်ရောက် ကုသနေသူ မဂီသာရဲ့ မောင်ဖြစ်သူ ကိုရဲလင်းနိုင်က ပြောပါတယ်။



“ ကျွန်တော်တို့လိုချင်တာ အကင်းအရှင်း မပျောက်သေးပေမယ့် နည်းနည်းလှုပ်ရှားလို့ရရင် ဆေးရုံက ဆင်းခွင့်ပေးရင် ဆင်းချင်တယ်။ နောက် ကျွန်တော်တို့ သူတို့ဆီကနေ နစ်နာကြေးသဘောမျိုး လိုချင်တယ်။ ဘာလို့လဲဆိုရင် လေယာဉ်လက်မှတ်ဝယ်ရင် အသက်အာမခံကြေးဆိုတာပါပြီးသား။ လေယာဉ် မတော်တဆဖြစ်တယ် သူတို့ရဲ့ ချို့ယွင်းချက်ကြောင့်ဖြစ်တယ်။

ကျွန်တော်အမပြောပုံအတိုင်းဆိုရင် လေယာဉ်ဆင်းပါတော့မယ် ဆိုတာတောင် ခါးပတ် ပတ်ဖို့သတိပေးတာမျိုး မလုပ်ခဲ့ဘူး။ လေယာဉ်တစ်စီးမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းကမ်းတွေကို လိုက်နာတာမျိုးလည်း မရှိခဲ့ဘူး။ ကျွန်တော်တို့က ဒါကို နစ်နာကြေး သဘောမျိုး လိုချင်တယ်။ ကျွန်တော်တို့ကိုယ့်ဘာသာကိုယ် ကုမယ်။”

လေယာဉ်မှာ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား (၃) ယောက်ကလည်း နစ်နာကြေး တောင်းဆိုနေကြတယ်လို့ ကိုရဲလင်းနိုင်က ပြောပါတယ်။

ဘီမန်လေကြောင်းလိုင်းကို ဆက်သွယ်မေးမြန်းရာမှာ နစ်နာကြေးတောင်းဆို သူဘက်က မဟုတ်မမှန် သတင်းအမှားတွေ ပြောဆိုတာကြောင့် လျော်ကြေးပေးဖို့ ငြင်းဆိုထားတယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူ ကိုဖြိုးက ပြောပါတယ်။

လေယာဉ် မတော်တဆ မှုကြောင့် ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာမှုတွေကို ပျောက်ကင်းသည်အထိ ကုသပေးမှာ ဖြစ်ပေမယ့် အခြားရောဂါတွေ အတွက်တော့ ကုသပေးမှာ မဟုတ်လို့လည်း ကိုဖြိုးက တယ်လီဖုန်းနဲ့ ဖြေဆိုခဲ့ပါတယ်။
လေယာဉ်မတော်တဆမှုကြောင့် အာယုဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာ (၅) ယောက် ရှိနေသေးတယ်လို့ ကိုဖြိုးက ပြောပါတယ်။
အခုလက်ရှိမှာ လူနာတွေအတွက် ဆေးရုံကုန်ကျစရိတ်တွေကို Yagon Aerodome Company Ltd, (YACL) က ကနဦး အကုန်အကျ ခံနေတာဖြစ်ပြီး လေကြောင်းလိုင်းအနေနဲ့ ကုန်ကျစရိတ်တွေကို ပြန်လည်ပေးချေသွားဖို့ စာချုပ် ချုပ်ဆိုထားတယ်လို့လည်း ဆက်ပြောပါတယ်။

မတော်တဆမှုဖြစ်ခဲ့တဲ့ ဘီမန် လေကြောင်းက လေယာဉ်ဟာ မေ(၈)ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင်း လေယာဉ်ပြေးလမ်းချော်ခဲ့တာကြောင့် လေယာဉ်အမှုထမ်းတွေ အပါအဝင် ခရီးသည်တွေပါ ဒဏ်ရာရရှိခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိတဲ့ ခရီးသည်တွေကို မြောက်ဥက္ကလာပဆေးရုံကြီးကို ကနဦးပို့ဆောင်ကုသခဲ့ပြီး ညတွင်းချင်းပဲ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ ပါတယ်။ ရန်ကုန်ဆေးရုံကြီးကို ရောက်မှ လူနာအချို့က အာယု အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ကြတာပါ။

No comments:

Post a Comment