Thursday, May 16, 2019

ရည်းစားဟောင်းရဲ့ လူမှုကွန်ရက်အကောင့်တွေကို ခိုးသုံးတဲ့ စင်ကာပူနိုင်ငံသားကို ခြေချုပ်ခံဝန် ၂၁လ အပြစ်ချ

မိမိနှင့် ပြတ်ပြီးသား ရည်းစားဟောင်းအမျိုးသမီးတစ်ဦး၏ facebook နှင့် Instagram အကောင့်များသို့ ကာယကံရှင်မသိပဲ ၄ နှစ်မျှကြာသည့်တိုင်အောင် အကြိမ်ကြိမ်ဝင်ရောက်၍ ခိုးသုံးခဲ့သူ စင်ကာပူနိုင်ငံသား အမျိုးသားတစ်ဦးအား ယနေ့(မေ ၁၄)တွင် တရားရုံးမှ အပြစ်ချမှတ်လိုက်သည်။ အသက် ၂၂ နှစ်အရွယ် အဆိုပါ အမျိုးသားအား ခြေချုပ်ခံဝန်ဖြင့် ၂၁လနေထိုင်စေရန်အမိန့်ချလိုက်ပြီး လူမှုလုပ်ငန်းများကို စုစုပေါင်း နာရီ ၁၈၀ မျှ ပြုလုပ်ရန်ကိုပါ ပူးတွဲအမိန့်ချမှတ်လိုက်သည်။ ခြေချုပ်ခံဝန်ဖြင့် နေရမည်ဆိုရာတွင် ည ၁၀ နာရီမှ နံနက် ၆ နာရီအချိန်များအတောအတွင်း အိမ်ထဲတွင်သာ နေရမည်ဖြစ်ကြောင်းကိုလည်း စည်းကမ်းသတ်မှတ်ပေးလိုက်သည်။



ထိုလူငယ်သည် ရည်းစားဟောင်းအမျိုးသမီး၏ အကောင့်များအတွင်းသို့ ၀င်ရောက်၍ အဆိုပါရည်းစားဟောင်း၏ လက်ရှိချစ်သူအမျိုးသားနှင့် စကားပြောဆိုခြင်း၊ လိင်ကိစ္စဆိုင်ရာ ကျူးလွန်မှုရှိ/မရှိကို မသိမသာ မေးမြန်းစုံစမ်းခြင်းများအပြင် အခြားသော အမျိုးသားမိတ်ဆွေများအားလည်း ထိုသို့ လိုက်လံ တီးခေါက်စုံစမ်းကာ အကယ်၍ တစ်စုံတစ်ဦးက လိင်ကိစ္စကို စိတ်ဝင်စားသည်ဆိုပါက Block လုပ်ပစ်လိုက်သည်ဆို၏။ ထို့အပြင် အချို့သူများအား Add လုပ်ခြင်းများကိုလည်း ပြုလုပ်ခဲ့သေးသည်။

သူ၏ ရည်ရွယ်ချက်မှာ ရည်းစားဟောင်း အမျိုးသမီးအား စောင့်ကြည့်ထိန်းသိမ်းလိုသောကြောင့်ဟုဆိုသည်။

ထိုသို့ဝင်ရောက်အသုံးပြုနေခြင်းကို အမျိုးသမီးက ၂၀၁၇ ခုနှစ်တွင်မှ သိရှိခဲ့ခြင်းဖြစ်သည်။ သူမပြောခဲ့သော စကားများကို အခြားသူများက ပြန်လှန်ပြောဆိုသူများရှိလာသည်မှအစပြု၍ မသင်္ကာဖြစ်လာပြီး အကောင့်များကိုစစ်ဆေးရာတွင် ထိုလူငယ်ဝင်ရောက်အသုံးပြုထားခြင်းကို သိရှိကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အကောင့်များအသုံးပြုခြင်းခံရသော အမျိုးသမီးမှာလည်း အသက် ၂၂ နှစ်ပင်ရှိသေးသူတစ်ဦးဖြစ်ပြီး၊ ယခု ပြစ်ဒဏ်ချမှတ်ခံရသော လူငယ်နှင့် ၂၀၁၃ ခုနှစ်အထိ တစ်နှစ်မျှ ချစ်သူများဖြစ်ခဲ့ကြကာ နောက်ပိုင်းတွင် ပြတ်သွားခဲ့ဖြစ်သည်။

တရားရုံး၏ အမိန့်အရ ကာယကံရှင် အမျိုးသားနှင့် အမျိုးသမီးတို့၏ နာမည်များကို မသိရချေ။

No comments:

Post a Comment