Thursday, May 16, 2019

ပခုက္ကူခရိုင် ဒေသအချို့တွင် မေလ ဒုတိယပတ်အတွင်း မိုးအနည်းငယ် ရွာသွန်းသော်လည်း ကန်ရေ မရရှိသည့်အတွက် ရေရှားပါးမှု ဆက်လက် ကြုံတွေ့နေဆဲဖြစ်

ပခုက္ကူခရိုင်အတွင်း ဒေသအချို့တွင် ယခု မေလ ဒုတိယပတ် ၁၃ ရက် ညနေပိုင်းမှစ၍ မိုးအနည်းငယ် ရွာသွန်းသော်လည်း သောက်ရေကန်ရေများမှာ ရေမရရှိသည့်အတွက် ရေရှားပါးမှု ဆက်လက် ကြုံတွေ့နေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မိုးရွာသွန်းချိန် တိုတောင်းခြင်း၊ မိုးရွာသွန်းမှု ပမာဏ နည်းပါးခြင်းနှင့် သောက်ရေကန်များတွင် အပူချိန် များပြားခြင်းတို့ကြောင့် ရေစုပ်ယူမှု များပြားခဲ့သည့်အတွက် သောက်ရေကန်များတွင် ရေမရရှိခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည် ။



“မိုးက ရွာတယ် ဆိုရုံပါပဲ။ အိမ်ခေါင်မိုး ဖုန်ဆေးရုံလောက်ပါ။ ကန်တွေ ရေ လုံးဝမရပါဘူး။ ရေစီးလမ်းကြောင်းတွေကနေ ရေစီး ရေဝင်လောက်အောင်လည်း မရွာပါဘူး။ ကန်ရေခမ်းတာလည်း ကြာ။ နေအပူကလည်း ပြင်းထားတော့ ရွာတဲ့ မိုးက အပူသက်သာရုံပဲ ရှိပါတယ်။ ဒေသခံတွေအတွက် ရေလိုအပ်ချက်က အရင်အတိုင်းပါပဲ။ အတော်ကို သည်းသည်းသန်သန် ရွာမှ ရေကန်တွေမှာ ရေရမှာပါ” ဟု ရေစကြိုမြို့နယ်မှ ကိုကျော်သူသူက ဆိုသည်။

ပခုက္ကူနှင့် ညောင်ဦးခရိုင်တွင်း ကန်ရေ အဓိကထား အသုံးပြုသည့် ကျေးရွာများမှာ ကန်ရေ ခမ်းခြောက်မှုကြောင့် ရေရှားပါးမှု ကြုံတွေ့နေရပြီး စက်ရေတွင်း အသုံးပြုသည့် ကျေးရွာများမှာလည်း နာရီကြာမြင့်စွာ မောင်းနှင်ရခြင်းကြောင့် စက်ရေတွင်း ချို့ယွင်း၍ ရေရှားပါးမှု ကြုံတွေ့လာရကြောင်း သိရ သည်။

“ကန်ရေ ရှိတုန်းကတော့ တစ်နေ့ကို စက်တွင်းက ၁၀ နာရီလောက်ပဲ မောင်းရတယ်။ ရာသီဥတုကလည်း မပူတော့ ရေသုံးစွဲမှု နည်းတယ်။ ခုကျ ရာသီဥတုကလည်း ပူလာတယ်။ ကန်ရေခန်းတော့ စက်တွင်းပဲ အားပြုသုံးရတော့ စက်တွင်းမှာ အချိန်ပို မောင်းရတယ်။ တစ်နေ့ကို အနည်းဆုံး ၁၈ နာရီလောက်မှ ရေမမောင်းရင် ရေအသုံးက မလောက်ဘူး။ ကြာတော့ စက်တွေပျက် ရေက ခက်ခဲလာတယ်။ မီးလည်း အလှည့်ကျ ဆိုတော့ စက်တွင်းတွေနဲ့ ရေလုံလောက်အောင် မပေးနိုင်တော့ဘူး” ဟု မြိုင်မြို့နယ်မှ ကိုဗညားက ဆိုသည်။

ပခုက္ကူနှင့် ညောင်ဦးခရိုင်တွင်း ကန်ရေ အဓိကထား သုံးစွဲရသည့် ကျေးရွာများမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် မိုးရေ လုံလောက်စွာ မရှိသည့်အတွက် သောက်ရေကန်များ ဆောလျင်စွာ ခန်းခြောက်ခဲ့ခြင်းကြောင့် ယခုနှစ် အစောပိုင်းမှာပင် ရေရှားပါးမှု ကြုံတွေ့နေရခြင်း ဖြစ်သည်။

ယခုနှစ် မေလဆန်းပိုင်းမှစ၍ နေ့အပူချိန် မြင့်တက်ခြင်းနှင့် မိုးခေါင်ခြင်းများကြောင့် ရေလိုအပ်ချက် များပြားသည့် ကျေးရွာ များပြားလာပြီး ပခုက္ကူနှင့် ညောင်ဦးခရိုင်တွင်း ဒေသခံများ၏ ရေလိုအပ်ချက်အား Eleven Media Group ၏ ရေလှူဒါန်းမှု အပါအဝင် အခြားသော ရေလှူအသင်းများမှ ဖြည့်ဆည်း ပေးနေရသည်။

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ဒေသခံများ၏ ရေ အခက်အခဲအား ကူညီပေးရုံသာမက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၏ ရေလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနေပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်မေလထိ ရေဂါလံ တစ်သန်းကျော် လှူဒါန်းထားပြီး ဖြစ်သည်။

No comments:

Post a Comment