Thursday, May 16, 2019

အဂတိအမှုဖြင့် တရားစွဲဆိုခံထားရသည့် မန်းတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဌာနခွဲစာရေးမအား အလုပ်နှင့် ထောင်ဒဏ် (၄) နှစ်ကျခံရန် အမိန့်ချ

အဂတိအမှု အမှုတွဲ (၂) ခုဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဌာနခွဲစာရေးမ အား အမှုတွဲ (၁) ခုလျှင် အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် နှုန်း သီးခြားကျခံစေရန် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် မေလ (၁၆) ရက်နေ့က အမိန့်ချမှတ်ခဲ့သည် ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် တို့ကို သီးခြားကျခံရမည်ဖြစ်သည့်အတွက် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၄) နှစ် ကျခံရမည်ဖြစ်သည် ။



``အမှုမှာ အကြောင်းပြချက်ကလည်း သိပ်မပါပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက စာရေးဖြစ်နေတာ ငွေထုတ်ပေးရတာဆိုတော့ အဲ့ဒီလောက်ပဲ။ ပြစ်ဒဏ်ပိုင်းကလည်း သက်ညှာပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက စာရေးဖြစ်တဲ့အပေါ်မှာ ဖြစ်တာဆိုတော့ သက်ညှာပါတယ်။ မှားတယ်ဆိုရင်တော့ အယူခံတတ်ပေါ့။ အခုတော့ သူ့သဘောထားက ဘာမှမသိရသေးဘူး။´´ ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်မြိုင် က ပြောသည် ။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ဘတ်ဂျက်နှင့် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဘတ်ဂျက်တို့မှ ကျေးလက်လမ်းလုပ်ငန်းများ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှုအရ ၂၅% ကို လုပ်ငန်းတန်ဖိုးငွေအဖြစ် ခွဲဝေထုတ်ပေးရာ၌ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့သည် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ တင်ဒါအောင်မြင်သော ကုမ္ပဏီ(၆)ခုထံမှ လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းအလိုက် ထုတ်ပေးရမည့် ငွေများထဲမှ ၃% ဖြစ်သည့် ငွေကျပ် (၁၀.၂၇၈) သန်း ကျော်အား ``ရုံးစရိတ်/ငွေထုတ်စရိတ်´´ ဟု အကြောင်းပြကာ ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်၍ အကြိမ်ကြိမ်အပိုကြေးဖြတ်တောက် တောင်းခံရယူ အဂတိလိုက်စား ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က ထုတ်ပြန်ထားသည် ။

ထိုသို့ စစ်ဆေးပေါ်ပေါက်သည့်အတွက် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်အား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဒေါ်သူဇာအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူ ဆောင်ရွက်ရန် မြစ်ငယ်နယ်မြေရဲစခန်းတွင် အောက်တိုဘာလ (၃၁) ရက်နေ့က အမှုဖွင့်ခဲ့သည်။

ဌာနခွဲစာရေး ဒေါ်သူဇာနှင့် အမှုတွဲဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော် မှာ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည် ။

No comments:

Post a Comment