Thursday, May 16, 2019

လုပ်ငန်း မစတင်မီ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်း ထားရှိစဉ် ငွေလဲလှယ်မှု နှုန်းထား ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အမြတ်/အရှုံးကို ဝင်ငွေခွန် တွက်ချက် စည်းကြပ်ခြင်း၊ ခုနှိမ်ခြင်း မပြုကြောင်း ပြည်တွင်းအခွန် ထုတ်ပြန်

လုပ်ငန်း မစတင်မီ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်းထားရှိစဉ် ငွေလဲလှယ်မှု နှုန်းထား အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော အမြတ်/အရှုံးကို ဝင်ငွေခွန် ထည့်သွင်း တွက်ချက် စည်းကြပ်ခြင်း၊ ခုနှိမ်ခြင်း မပြုကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက အဓိပ္ပာယ်ရှင်းလင်း ဖွင့်ဆိုချက် အမှတ် ၄/၂၀၁၉ ဖြင့် အသိပေး ကြေညာချက် ထုတ်ပြန်သည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ဝင်ငွေခွန် ပုဒ်မ ၅၁၊ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်း ထားရှိစဉ် ငွေလဲလှယ်မှု နှုန်းထား အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော အမြတ် သို့မဟုတ် အရှုံးကို ဝင်ငွေခွန် စည်းကြပ်ရာတွင် ထည့်သွင်း တွက်ချက်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းကို ရှင်းလင်းစွာ သိရှိနိုင်စေရန်အတွက် အဓိပ္ပာယ် ရှင်းလင်း ဖွင့်ဆိုခြင်း ဖြစ်သည်။

အဆိုပါ အဓိပ္ပာယ်ရှင်းလင်းဖွင့်ချက်သည် လုပ်ငန်း မစတင်မီ အသုံးမပြုရသေးသော နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်း ထားရှိသည့်အပေါ် ဝင်ငွေနှစ် တစ်နှစ် ကုန်ဆုံးပြီးချိန်တွင် ဖြစ်ပေါ်လာသော ငွေလဲလှယ် နှုန်းထား အပြောင်းအလဲကြောင့်  ဖြစ်ပေါ်ခဲ့သော အမြတ် သို့မဟုတ် အရှုံးကို ဝင်ငွေခွန် စည်းကြပ်ရာတွင် ထည့်သွင်း တွက်ချက်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုကြောင်း ရှင်းလင်း အသိပေးချက် ဖြစ်သည်။


ယင်းအဓိပ္ပာယ် ရှင်းလင်း ဖွင့်ဆိုချက်သည် ဝင်ငွေနှစ် တစ်နှစ် ကုန်ဆုံးပြီးချိန်တွင် လုပ်ငန်း မစတင်မီ အသုံးမပြုရသေးသော နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်း ထားရှိစဉ် ငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သော အမြတ် သို့ မဟုတ် အရှုံး ဖြစ်ပေါ်ခဲ့သူများ အပေါ်တွင် အကျိုးသက်ရောက် စေမည်ဖြစ်သည်။

ဝင်ငွေခွန် ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (စ) တွင် “ဝင်ငွေ ရရှိသည် ဆိုသည်မှာ ဝင်ငွေရရှိခြင်း၊ ဝင်ငွေ ရရှိသည်ဟု မှတ်ယူခြင်း၊ ဝင်ငွေ ဖြစ်ထွန်း ပေါ်ပေါက်ခြင်း သို့မဟုတ် ဝင်ငွေ ဖြစ်ထွန်း ပေါ်ပေါက်သည်ဟု မှတ်ယူခြင်းတို့ကို ဆိုသည်” ဟု ပြဋ္ဌဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

လိုက်နာ ဆောင်ရွက်ရန် သတ်မှတ်ချက် အနေဖြင့် လုပ်ငန်းများ စတင်ခြင်း မရှိသေးမီ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများကို ဘဏ်စာရင်းတွင် ထိန်းသိမ်း ထားရှိစဉ် ငွေလဲလှယ်မှု နှုန်းထား ပြောင်းလဲမှုကြောင့် အမြတ်ပေါ်ပေါက်ခြင်းသည် ဝင်ငွေ အမှန်တကယ် ဖြစ်ထွန်းပေါ်ပေါက်ခြင်း မဟုတ်ပါ။ သို့ဖြစ်ပါ၍ ငွေလဲလှယ် နှုန်းထား ပြောင်းလဲမှုကြောင့် အမြတ် သို့မဟုတ် အရှုံးဖြစ်ပေါ်ခြင်း တို့ကို ဝင်ငွေနှစ် တစ်နှစ် ကုန်ဆုံးချိန် ဝင်ငွေ တွက်ချက်ရာတွင် ထည့်သွင်း တွက်ချက်၍ စည်းကြပ်ခြင်း သို့မဟုတ် ခုနှိမ်၍ ဆောင်ရွက်ရန် မလိုအပ်သဖြင့် ဝင်ငွေခွန် ကျသင့်ခြင်း မရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနက အဓိပ္ပာယ် ရှင်းလင်း ဖွင့်ဆိုထားသည်။

No comments:

Post a Comment