Thursday, May 16, 2019

သာကေတမြို့နယ်ရှိ ခွေးလေခွေးလွင့်များကို တိရစ္ဆာန်ချစ်သူများက ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ သားဆက်ခြားမျိုးထိန်းခြင်းများ ဆောင်ရွက်ပြီး ရပ်ကွက်များအတွင်းပြန်လွှတ်ပေးမည်ကို အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ကန့်ကွက်

သာကေတမြို့နယ်အတွင်း ခွေးလေခွေးလွင့်များအား တိရစ္ဆာန်ချစ်သူများက ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ သားဆက်ခြားမျိုးထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ရပ်ကွက်များအတွင်း ပြန်လည်လွှတ်ပေးမည်ကို အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။ သာကေတမြို့နယ်အတွင်းရှိ ခွေးလေခွေးလွင့်များအား မြို့နယ်နေပြည်သူများက မည်ကဲ့သို့ ဆောင်ရွက်စေလိုကြောင်း သိရှိလိုသဖြင့်  မြို့နယ်စည်ပင်သာယာရေးကော်မတီက အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား မေ ၁၅ ရက် နံနက်ပိုင်းက ဇိနမာန်အောင်စေတီ ဓမ္မာရုံ၌ တွေ့ဆုံခဲ့ကြသည်။



“ကျွန်တော်တို့ ဒုတိယမြို့တော်ဝန်နဲ့ တွေ့တုန်းက ဒီခွေးတွေကို တစ်မြို့နယ်လုံးမှာရှိတဲ့ ခွေးအကောင်ရေ  ၂၀ဝ၀ ကျော်လို့ ယူဆပြီးပြောတယ်။ ဒီခွေးတွေကို အလှူရှင်တယ်။ ပထမအဆင့်အနေနဲ့ ကာကွယ်ဆေးထိုးပေးမယ်။ သားဆက်ခြားပေးမယ်။ အစွယ်ချိုးပေးမယ်။ ပြီးရင် ခွေးတွေကို မူလနေရာမှာပဲ ပြန်ထားမယ်ဆိုတဲ့ စကားလုံးက နည်းနည်းလေး အဆင်မပြေဘူး။ တကယ်လို့ မလိုအပ်လို့ရှိရင် ပြန်သယ်ပေးသွားနိုင်တဲ့အဆင့် ရှိဖို့လိုအပ်တယ်။ လောလောဆယ်သူတို့မှာလည်း ဂေဟာမရှိဘူး။ အဆင်မပြေနိုင်ဘူး။ ဒီကိစ္စကိုပဲ လုပ်ပေးမယ်။ ခုန ပြောသလိုပဲ။ သားဆက်ခြားမယ်။ ကာကွယ်ဆေးထိုးမယ်။ အစွယ်ချိုးမယ်ဆိုတာကို ဘယ်လောက်အတိုင်းအတာနဲ့ လုပ်မှာလဲ  ငွေကြေးဘယ်လောက်နဲ့ လုပ်မှာဆိုတာရှိတယ်။ သူတို့မှာလည်း သိရသလောက်ကတော့ ငွေကြေးက အလှူရှင်နဲ့သွားဖို့ ရှိနေတယ်။ အချိန်အတိုင်းအတာဆိုတာကို တိတိကျကျမပြောနိုင်ဘူး။ လုပ်မယ်ဆိုရင်တော့ လုပ်ငန်းစဉ်စတင်လို့ရပြီးလို့ ပြောတယ်။ ဒုတိယမြို့တော်ဝန်ပြောတဲ့ အတိုင်းအတာကတော့ လောလောဆယ်မှာ နိုင်ငံခြားကနေလာပြီး ခွေးနဲ့ပတ်သက်တဲ့ သားဆက်ခြားတာ လုပ်ဆောင်နေတာကို လှိုင်မြို့နယ်မှာလား။ အတိအကျတော့ မသိဘူး။ အဲဒါလုပ်နေတယ်။ လုပ်နေတဲ့နိုင်ငံခြားက အဖွဲ့ကပြန်သွားရင် အဲဒီစက်ကိရိယာပစ္စည်းတွေ အားလုံးထားခဲ့ပေးမယ်။ အဲဒါကို ဆေးဝါး ထပ်ထည့်ပြီးတော့ စည်ပင်တိ/ကုအဖွဲ့ က ဆရာဝန်တွေက တာဝန်ယူပြီးတော့ သားဆက်ခြားဖို့ အစီအစဉ်တွေရှိတယ်လို့ ပြောတယ်” ဟု သာကေတမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဌ ဦးအောင်ငြိမ်းကျော်က ပြောကြားသည်။


သာကေတမြို့နယ်ရှိ ခွေးလေခွေးလွင့်ကိစ္စနှင့်ပတ်သက်၍ ဒုတိယမြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီများ လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့် တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုကာကွယ်ရေးကွန်ရက်အဖွဲ့တို့ တွေ့ဆုံ၍ သာကေတမြို့နယ်ရှိ ခွေးလေခွေးလွင့် ၂၀ဝ၀ ကျော်အား ကာကွယ်ဆေးထိုးပေးခြင်း၊ သားဆက်ခြားပေးခြင်း၊ အစွယ်ချိုးပေးခြင်းများကို ဆောင်ရွက်ပေးပြီး မူလနေရာ ပြန်လည်ထားရှိမည်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်တာ သုံးနှစ်လောက်ရှိပါပြီ။ အရင်နှစ်တွေကတော့ စည်ပင်ကိုတင်ပြလိုက်ရင် အနည်းနဲ့အများ ခွေးတွေလာရှင်းသွားပေးတယ်။ နောက်ပိုင်းတစ်နှစ်လောက်မှာ ခွေးရှင်းတာ တော်တော်နည်းသွားတယ်။ တာဝန်ရှိသူတွေကလည်း ပြောသွားတယ်။ ဂေဟာပို့မယ်တို့၊ သားဆက်ခြားတာတွေ လုပ်မယ်ဆိုတော့ မဖြစ်နိုင်ဘူး။ တစ်လအတွင်းမှာ ကျွန်တော်တို့ရပ်ကွက်မှာ ပြည်သူ တွေအကိုက်ခံရတာ အနည်းဆုံး ၁၄ ယောက် ၁၅ ယောက်လောက်ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း ခွေးတစ်ကောင်တည်းက လူလေးငါးယောက်ကို ကိုက်သွားတယ်။ အနော်မာ ၁၈ လမ်းမှာ ပြီးတော့ ထူပါရုံ ၂၂ လမ်းနဲ့ ထူပါရုံ ၂၃ လမ်း၊ အဲဒါ တွေကို ခွေးချစ်သူတွေက ဒါနဲ့ပတ်သက်ပြီးတော့ တာဝန်ခံမှုမရှိဘူး။ တကယ်တမ်းကျတော့ စည်ပင်ကတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဒီခွေးတွေကို ရှင်းလင်းတော့မယ်ဆိုမှ ခွေးချစ်သူက ပေါ်လာတာ မကိုက်ခင်က ဒီခွေးတွေကို စောင့်ရှောက်ဖို့မရှိဘူး။ ကိုက်သွားတော့လည်း မသိချင်ယောင်ဆောင်နေတယ်။ သူတို့မှာ တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့အတွက် ကျွန်တော့်အနေနဲ့ဖြစ်ချင်တာကတော့ ဒီခွေးတွေကို ဂေဟာပို့ချင်ပို့ မပို့ချင်လည်း လွန်ခဲ့တဲ့နှစ်တွေကလိုပဲ ဖယ်ရှားဖို့ ပြောချင်ပါတယ်” ဟု သာကေတမြို့နယ် (၂) မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောကြားသည်။

ခွေးလေခွေးလွင့်ကိစ္စနှင့်ပတ်သက်၍ တိရစ္ဆာန်ချစ်သူများ၏ လုပ်ငန်းစဉ်များအား သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖ ၁၆ ဦးခန့်က ကန့်ကွက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များကို ဒုတိယမြို့တော်ဝန်ထံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment